ယာဉ်မောင်းရတဲ့အလုပ်မှာ အပျော်ရွှင်ဆုံးလို့ဆိုတဲ့ အမျိုးသမီးယာဉ်မောင်း မမြတ်ရည်မွန်

30 August 2017
ယာဉ်မောင်းရတဲ့အလုပ်မှာ အပျော်ရွှင်ဆုံးလို့ဆိုတဲ့ အမျိုးသမီးယာဉ်မောင်း မမြတ်ရည်မွန်

သူ့နာမည်က “အငယ်မ”။  ဒီနာမည်က အများက ခေါ်ကြတဲ့ နာမည်။ သူ့အလုပ်ကတော့ ရန်ကုန်မြို့ လိုင်းကားယာဉ်မောင်း။ ပုံမှန်အားဖြင့်တော့ ဒီခရီးသည်အများကြီးကို တင်ဆောင်ပြီး လုပ်နေရတဲ့ ယာဉ်မောင်းအလုပ်ကို အမျိုးသားတွေပဲ လုပ်ရတဲ့ အလုပ်လို့ လက်ခံထားကြပါတယ်။ အခုခေတ်မှာတော့ ဒါတွေဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ဒီလိုခရီးသည်တင် ဘတ်စ်ကားကြီးတွေကို အမျိုးသမီးတွေလည်း ကျွမ်းကျင်စွာ မောင်းနှင်နေပါပြီ။ သူကတော့ YBS ၂၁ ယာဉ်လိုင်းက အငယ်မလို့ခေါ်တဲ့ “မမြတ်ရည်မွန်” ပါပဲ။

မမြတ်ရည်မွန်က ယာဉ်မောင်းဘဝရောက်လာခဲ့ပုံကို အခုလို ရှင်းပြပါတယ်။

“၂၀၁၄ မှာ ဆရာကိုတင်အေးက အမျိုးသမီးယာဉ်မောင်းတွေ ခေါ်မယ်ပေါ့နော် အဲလိုမျိုး အမကို စပြီးတော့ ပြောလာတယ်။ ညီမလေး ဒီအလုပ်ကို လုပ်ကြည့်ပါလားပေါ့။ အမကို စပြောလာတယ်။   ပြောလာတော့ အမကလည်း အလုပ်ပြောင်းချင်တဲ့ အချိန်လည်း ဖြစ်နေတော့ အဲဒီအချိန်မှာ ဆရာ ကိုတင်အေးကလည်း ခေါ်တွေ့တယ်။ ညီမ လုပ်ကြည့်မယ်ဆိုပြီးတော့ ဆရာ့ကိုပြောတယ်။ လုပ်ကြည့်မယ်ဆိုပြီးတော့ ယာဉ်မယ်ဘဝကနေပြီးတော့ စပြီးတော့ ဒီလောကထဲကို ဝင်ဖြစ်လာတယ်ပေါ့။ ”

သူ အခုလို ကားမမောင်းခင်ကတော့ စပါယ်ယာလို့ အများကခေါ်ကြတဲ့ ယာဉ်အကူအနေနဲ့ သုံးနှစ်လောက် လုပ်ခဲ့ပါတယ်။ ဒါဟာ အခုလို ကားကြီးမောင်းဖို့ အစပျိုး သင်ယူမှုလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်ကတည်းက လိုင်းပေါ်မှာ မောင်းနှင်နေသူတွေဆီက အမောင်းသင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူက အခုလို ဆက်ပြောပါတယ်။

“အစဦးပိုင်း ကားမောင်းအဆင့်ကို မတက်တဲ့အခါမှာ သင်ပေးတဲ့အကိုတွေ ရှိသလို တချို့အကိုတွေက မသင်ပေးဘူး။ ကားလောက စမောင်းဖို့ သင်ပေးဖို့ကို မနည်း ကြိုးစားခဲ့ရပါတယ်။ အဲဒီကနေ ယာဉ်အကူကနေ ယာဉ်မောင်းဘဝကို ရောက်ဖို့ကို ညီမ အတိုက်အခံတွေ အများကြီး လုပ်ခဲ့ရတယ်။ တချို့အကိုတွေဆိုရင် ညီမကို မိန်းကလေးဖြစ်နေတဲ့အတွက်ကြောင့် နင်လို မိန်းကလေးတစ်ယောက်က စီယာတိုင်းဂွေထဲကို ပေးထိုင်ဖို့ အဆင်မပြေနိုင်ဘူးပေါ့ ညီမကို အဲလောက်ထိ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ညီမက မဟုတ်ဘူး ငါဟာမိန်းကလေး မိန်းကလေးဆိုပေမယ့် ယောကျ်ားလေးတစ်ယောက်လို လုပ်နိုင်တယ်။ ကားကြီးကို ခရီးသည် အယောက် ၅၀ လောက်ပါတဲ့ ကားကို မောင်းရမယ်ဆိုတော့ နည်းနည်း စိုးရမ်စိတ်တော့ ဖြစ်တာပေါ့။ မိန်းကလေးဆိုတော့။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ထဲမှာ မိန်းကလေးလိုပဲ မတွေးတယ်။ ငါလုပ်နိုင်ရမယ် ငါမလုပ်နိုင်တဲ့အလုပ်ဆိုတာ ငါ့ဘဝမှာ မရှိစေရဘူးလို့ အမြဲတမ်းတွေးတယ်။”

အမျိုးသမီးတွေရဲ့ မွေးရာပါစိတ်တစ်ခုဖြစ်တဲ့ မိခင်စိတ်နဲ့ စိတ်ရှည်မှုကို အမျိုးသားတစ်ယောက်လို စွမ်းဆောင်မှုနဲ့ ပေါင်းစပ်ပြီး ဒီအလုပ်ကို သူလုပ်နေတာ ဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေနဲ့ အပြန်အလှန်နှုတ်ဆက်ရင်း သူ့အလုပ်မှာ ပျော်ရွှင်နေတယ်လို့လည်း သိရပါတယ်။ ယာဉ်မောင်းအလုပ်အပေါ် သူဘယ်လို သဘောထားပြုမူလုပ်ဆောင်တယ်ဆိုတာကိုလည်း အခုလိုပြောပြပါတယ်။

“ခရီးသည် တက်လာပြီဆိုရင် မင်္ဂလာပါရှင်ဆိုပြီး ခေါင်းလေးငုံ့ပြီးတော့ နှုတ်ဆက်တယ်။ အဲဒီအချိန်မှာ ကိုယ်ရတဲ့ သူတို့ဆီက ပီတိက ဘယ်လိုမျိုးလဲဆိုတော့ ကိုယ်နှုတ်ဆက်လိုက်တဲ့ စကားကို မင်္ဂလာပါရှင့်ဆိုပြီးတော့ နှုတ်ဆက်တယ်။ နှုတ်ဆက်လာတဲ့အတွက်ကြောင့် ကိုယ့်မှာ ဒီခရီးသည်ကို အရမ်း ပီတိဖြစ်လာတယ်ပေါ့နော်။ ပြီးတော့ ဆင်းသွားလို့ရှိရင်လည်း ညီမလေး တော်တယ်ပေါ့ ကားစီးရတာ အရမ်းအဆင်ပြေတယ် ကားစိးရတာ ကြမ်းကြမ်းတမ်းတမ်းလည်း မရှိဘူးပေါ့။ အဲလိုမျိုးလေးတွေ ပြောခဲ့တဲ့အတွက်ကြောင့် ကိုယ့်ရဲ့စိတ်ထဲမှာ အမြဲတမ်း ခွန်အားလေးတွေ ဖြစ်ပြီးတော့ အမြဲတမ်း ပီတိလေးတွေ ဖြစ်ခဲ့ရပါတယ်။ ”

တကယ်တော့ ကားမောင်းရတဲ့အလုပ်ဟာ အာရုံစူးစိုက်မှု အများကြီး သုံးရတာဖြစ်တဲ့အတွက် ကိုယ်ရောစိတ်ပါ ကျန်းမာနေဖို့ အရေးကြီးပါတယ်။ အလုပ်ချိန်ကတော့ မိုးလင်းကနေ မိုးချုပ်အထိပါပဲ။ တစ်ခါတစ်လေ ကား Gas ဖြည့်ရတဲ့အခါမှာ မနက် ၃ နာရီလောက် ထသွားရပါတယ်။ ပျမ်းမျှအားဖြင့်ကတော့ ယာဉ်မောင်းထိုင်ခုံမှာထိုင်ပြီး အာရုံစူးစိုက်မောင်းနှင်ရခြင်းဟာ တစ်နေ့ကို ၁၀ နာရီဝန်းကျင်ပါ။ ယာဉ်မောင်းတစ်ယောက်ရဲ့ ရင်ဆိုင်ဖြတ်သန်းရတဲ့ အခြေအနေကိုလည်း သူက ပြောပြပါတယ်။

“ကားမောင်းရတာက အဆင်မပြေမှုလေးတွေတော့ ရှိတယ်ပေ့ါနော်။ တစ်ခါတစ်လေကျရင် အရမ်း အိပ်ရေးပျက်တာတွေ များလို့ရှိရင် လူက စိတ်မကြည်တော့ဘူးပေါ့။ အဲလိုမျိုးလေးတွေလည်း ရှိတယ်။ ရှိခဲ့လို့ရှိရင် အမ ဖြေသိမ့်တာ တစ်ခုတော့ရှိတယ်။ အမဖုန်းထဲက အမအကြိုက်ဆုံး သီချင်းလေးကို ဖွင့်လိုက်တယ် ဖွင့်ပြီးတော့ နားထောင်လေ့ရှိတယ်။”

သူဟာ တစ်ချိန်တုန်းက အထည်ချုပ်စက်ရုံမှာလည်း လုပ်ခဲ့ဖူးပါတယ်။ ကားစပယ်ယာလည်း လုပ်ခဲ့ဖူးပါတယ်။ သူလုပ်ကိုင်ခဲ့တဲ့ အလုပ်တွေထဲမှာတော့ သူ့ဝါသနာနဲ့ ကိုက်ညီတဲ့ အခုလို ကားမောင်းနေရတာကို အပျော်ရွှင်ဆုံး ဖြစ်နေပါတယ်လို့ဆိုသလို အမျိုးသမီးယာဉ်မောင်းတစ်ယောက်အနေနဲ့ ခရီးသွားပြည်သူတွေရဲ့ ယုံကြည်စိတ်ချမှုကို ရရှိတဲ့အခါ သူ့ကို တော်တယ်လို့ အသိအမှတ် ပြုသွားကြတဲ့အခါ ခရီးသည်တွေရဲ့ ပြန်လည်နှုတ်ဆက်မှုကို ရရှိတဲ့အခါတွေမှာ ပီတိဖြစ်ရပြီး သူ့အလုပ်ကို ဂုဏ်ယူမဆုံး ဖြစ်နေပါတယ်။

ပြီးတော့ သူက ဘယ်သူမဆို ထားရှိသင့်ထားရှိအပ်တဲ့ စိတ်ဓါတ်သဘောထားနဲ့ပတ်သက်ပြီး အခုလို နိဂုံးချုပ်ပြောသွားပါတယ်။

“ကိုယ့်ကိုကိုယ်ပဲ မြင့်တင်ပါ။ သူများ အားပေးသည်ဖြစ်စေ မအားပေးသည်ဖြစ်စေ ကိုယ့်ကိုကိုယ် အားပေးပါ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုသည် ငါအောင်မြင်ရမယ်ဆိုတဲ့ အတွေးလေးကို တွေးစေချင်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ငါလုပ်မယ်၊ ရအောင်လုပ်မယ် ကြိုးစားပြီးလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်လေး ထားစေချင်ပါတယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags