ဂျပန်ကို ဖြတ်ပြီး မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်၍ တုံ့ပြန်ရာတွင် နည်းလမ်းကုန် စဉ်းစားမည်ဟု ထရမ့်သတိပေး

ဂျပန်ကို ဖြတ်ပြီး မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်၍ တုံ့ပြန်ရာတွင် နည်းလမ်းကုန် စဉ်းစားမည်ဟု ထရမ့်သတိပေး

ဝါရှင်တန်ဒီစီ၊ သြဂုတ် ၂၉ ။            ။ ဂျပန်နိုင်ငံပေါ်မှ ဖြတ်ကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်လိုက်ခြင်းကြောင့် တုံ့ပြန်ရေးတွင် နည်းလမ်းကုန်စဉ်းစားရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။

"ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံအားလုံးအတွက် သင်းကွဲမြောက်ကိုရီးယားအစိုးရရဲ့ ခြိမ်းခြောက်မှုတွေ၊ တည်ငြိမ်ရေး ပျက်ပြားအောင် လုပ်ဆောင်မှုတွေက တိုးလို့သာ လာတယ်။ နည်းလမ်းကုန် စဉ်းစားဖို့ လိုလာပြီ။"ဟု အိမ်ဖြူတော်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် သြဂုတ် ၂၉ ရက်က ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းပေါ်မှ ဖြတ်ပြီး ပင်လယ်တွင်း ဒုံးကျည်ပစ်လွှတ်လိုက်ခြင်းကြောင့် လက်ခံစရာမရှိသည့် ခြိမ်းခြောက်မှုဖြစ်သည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြင်းပြင်းထန်ထန် တုံ့ပြန်သည်။

နှစ်များစွာအတွင်း ရှားရှားပါးပါးအဖြစ် ဂျပန်နိုင်ငံပေါ်မှ ဒုံးကျည်ပစ်လွှတ်ခြင်းကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ရန် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က တောင်းဆိုလိုက်သည်။

ထိုပြင် တောင်ကိုရီးယားစစ်တပ်က ပြုံယမ်းနယ်စပ်အနီး လေကြောင်းဗုံးကြဲမှု စစ်ရေးလေ့ကျင့်မှုများကို ဆောင်ရွက်လာခဲ့သည်။

တောင်ကိုရီးယားတို့ ဖြန့်ကြက်ထားသည့် F-15K ဂျက်တိုက်လေယာဉ် လေးစင်းဖြင့် မြောက်ကိုရီးယားနှင့် နယ်စပ်ကြား စစ်မဲ့ဇုန်အနီးတွင် သဏ္ဍာန်တုပစ်မှတ်များကို ဗုံးကြဲကာ စစ်ရေးလေ့ကျင့်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လများအတွင်း မြောက်ကိုရီးယားသည် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ချိုးဖောက်လျက် ဒုံးကျည်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ရာ တင်းမာမှုများ မြင့်မားနေစဉ် ရှားရှားပါးပါး ဖြစ်သော ဂျပန်အပေါ်မှ ဒုံးကျည်ဖြတ်ပျံ ပစ်လွှတ်ခြင်းကို ယခုကဲ့သို့ ထပ်မံလုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ယင်းကဲ့သို့ ဂျပန်နိုင်ကံပေါ်မှ ဖြတ်ကာ ဒုံးကျည်ပစ်လွှတ်ခြင်းကို မြောက်ကိုရီးယားက နှစ်ကြိမ်ပြုလုပ်ထားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required