ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ်ကြီး တစ်ခု ဖွင့်လှစ်ပေးရန်အဆို လွှတ်တေ်ာတွင် မဲခွဲ အတည်ပြု

ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာတက္ကသိုလ်ကြီး တစ်ခု ဖွင့်လှစ်ပေးရန်အဆို လွှတ်တေ်ာတွင် မဲခွဲ အတည်ပြု
အမျိုးသားလွတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကို ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီ က နေပြည်တော်ရှိ အမျိုးသားလွတ်တော်တွင် ကျင်းပပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

နေပြည်တော်၊ သြဂုတ် ၂၈ ။            ။ ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု ဖွင့်လှစ်ပေးရန် အဆိုကို သြဂုတ်လ ၂၈ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်၌ မဲခွဲပြီး အတည်ပြုခဲ့သည်။

ဒေါက်တာဝင်းမြင့်သည် လွှတ်တော် စိုက်ပျိုးရေး မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်သည်။

၎င်းက မြန်မာနိုင်ငံ၏ ငါးနှင့် ရေလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနှင့် သယံဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်း စားသုံးမှု ဖူလုံပြီး နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ကျေးလက်စီးပွားဖွံ့ဖြိုးပြီး ဆင်းရဲမှုလျော့ချရေး၊ ငါးလုပ်ငန်း ဆိုင်ရာ သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်   ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု(Fishery Univestry)ဖွင့်လှစ်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ယခုနှစ် ဇူလိုင်လ ၁၀ရက်က အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့ကာ လွှတ်တော်ကိုယ်စားလှယ် ၁၁ဦးက ထောက်ခံ ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို သြဂုတ် ၂၈ရက်က ဆွေးနွေးမှုအပြီးတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီး(၁)ခု တည်ထောင်ဖွင့်လှစ်မည်ဆိုပါက သက်ဆိုင်ရာကဏ္ဍအလိုက် သင်ရိုးညွှန်းတမ်း နှင့် မာတိကာများကို သုတေသနပြု စနစ်တကျရေးဆွဲရန်လိုပြီး၊ အဆောက်အဦ၊ မြေနေရာ၊ သင်ထောက်ကူပစ္စည်းများ၊ ဓာတ်ခွဲခန်းများ၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ ကွင်းဆင်းသင်ကြားနိုင်မည့် Farms and Stations များ၊ မြစ်ကြောင်းများနှင့် ကမ်းနီးကမ်းဝေး လက်တွေ့ကွင်းဆင်း သင်ကြားမှု အထောက်အကူ ပြုသင်ကြားရေး သင်္ကေတများ လိုအပ်ကြောင်း အစည်းအဝေးတွင်ပြောသည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာနမှလည်း လက်ရှိတက္ကသိုလ်များတွင် ဆက်နွယ်သည့် ဘာသာရပ်များကို ပေါင်းစည်းပြီး ရေနေငါးသက်ရှိများဆိုင်ရာ ဘာသာရပ် အဖြစ် စတင်ဖွင့်လှစ်သင့်သည်ဟု သဘောထားပေးသည်ဟု ဒုဝန်ကြီး ဦးလှကျော်က ဆိုပါသည်။

ထို့ကြောင့် အထက်ပါ ဆိုနှင့် ပတ်သက်ပြီး “လက်ရှိ အခြေအနေများအရ လိုအပ်ချက်များရှိနေသေးသဖြင့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်သော ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီး(Fishery University) တစ်ခု ဖွင့်လှစ်ပေးနိုင်ပါရန် အဆိုကို အမျိုးသားလွှတ်တော်မှ မှတ်တမ်းတင်ထားရှိနိုင်ရန်” စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်ကပြောသည်။.

အဆိုရှင်၏ သဘောထားအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မေးမြန်းရာတွင် မြန်မာနိုင်ငံသည် ငါးနှင့် ရေသယံဇာတ၊ သဘာရင်းအမြစ်တွေပေါ်များသည့် အတွက် ငါးလုပ်ငန်း ဆိုင်ရာ တက္ကသိုလ် တည်ဆောက်ပေးပါက ထိုကျောင်းမှ ဆင်းလာသည့် လူသားအရင်းအမြစ်များနှင့် ပေါင်းစပ်လျှင် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိမည်ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၁၁) မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ကပြောသည်။

ဒေါက်တာဝင်းမြင့်က “ငါးလုပ်ငန်းဆိုင်ရာ သင်ကြားမှုတွေက လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှိပြီး ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ရဲ့ အောက်မှာရှိပြီးတော့ စိုက်ပျိုးရေး တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်၊ သစ်တောပညာ တက္ကသိုလ် တွေကဲ့သို့ တက္ကသိုလ်များ သီးသန့်ခွဲထွက်ပြီး လုပ်လိုက်တဲ့အခါမှာ တိုင်းပြည်အတွက် လွန်စွာ အကျိုးများလာလို့လည်း တစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အိမ်နီးနားခြင်းနိုင်ငံက ကျွန်တော်တို့ နိုင်ငံရဲ့ ငါးတွေနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ အလုပ်သမားတွေ လုပ်အားတွေနဲ့ Value added ခေါ် တန်ဖိုးမြင့် ပစ္စည်းများထုတ်လုပ်ပြီးတော့ တနှစ်ကို ဒေါ်လာသန်း ၇၅၀၀ ပြီးခဲ့တဲ့ နှစ်က၊ လာမယ့်၂၀၂၀ မှာ ဒေါ်လာသန်း ၁၂၀၀၀ထိ ရအောင်လုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ကလည်း မိမိတို့ မြေပေါ်မှာ မိမိတို့ ရေက ထွက်တဲ့ ငါးတွေကို မိမိတို့ရဲ့ နိုင်ငံ သား သားသမီးတွေကို မိဘရဲ့ အရိပ်အောက်မှာ လွတ်လပ် လုံခြုံစွာ ဆောင်ရွက်ခြင်းအားဖြင့် Value addedပစ္စည်းမျာ ထုတ်လုပ်လိုက်ခြင်းအားဖြင့်လည်းကောင်း၊ ဒီအဆိုကို အများဆုံး၁၁ ဦးကနေပြီးတော့ ထောက်ခံ ဆွေးနွေးသွားပါသောကြောင့် ဒီအဆိုက အမျိုးသားလွှတ်တော်မှ အတည်ပြုဆုံးဖြတ်ပေးပါရန်” ထပ်မံတိုက်တွန်းခဲ့သည်။

ထို့နောက် ၎င်းအဆိုကို လွှတ်တော်က အတည်ပြုနိုင်ရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၂၀၁၅ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ (၁၉) နည်းဥပဒေခွဲ (တ) နည်းဥပဒေခွဲငယ် (၁)အရ စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ခိုင်းခဲ့ရာ မဲပေးခွင့်ရှိသူ ၁၈၈ ရှိဦးအနက် ထောက်ခံမဲ ၁၃၉ မဲ၊ ကန့်ကွက်မဲ ၃၇မဲ နှင့် ကြားနေမဲ ၄မဲဖြင့် အနိုင်ရရှိခဲ့ပြီး ဒေါက်တာဝင်းမြင့်၏ အဆိုကို အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly