ပုဇွန်တောင် ၅၂ လမ်းစျေးတန်း စက်တင်ဘာလတွင် စတင်ဖွင့်လှစ်မည်

ပုဇွန်တောင် ၅၂ လမ်းစျေးတန်း စက်တင်ဘာလတွင် စတင်ဖွင့်လှစ်မည်

ရန်ကုန်၊သြဂုတ်၂၈ ။         ။ ပုဇွန်တောင် ၅၂ လမ်းဈေးတန်းကို လာမည့် စက်တင်ဘာလအတွင်း နောက်ဆုံးထားဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီး ဈေးရောင်းချသူများသည် လေးတိုင်စင်တဲများတပ်ဆင်ပြီး သည်နှင့် ပြောင်းရွှေ့နိုင်ပြီဖြစ်သည်ဟု ပုဇွန်တောင် မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်းက မဇ္ဈိမသို့ပြောသည်။

အသစ်ဖွင့်လှစ်မည့် ညဈေးတန်းတွင် ဈေးရောင်းချရန်အတွက် ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဈေးရောင်းချသူများကို မဲစနစ်ဖြင့်ရွေးချယ်ခဲ့ကြောင်း သိရသည်။

"သူတို့ကိုစာရင်းပြုစုပြီးတော့ မြို့နယ်စည်ပင်သာယာရေးရုံးမှာ ခေါ်တွေ့တယ်၊ ဒီနေရာတွေမှာ ဈေးရောင်းချခွင့်ရှိတဲ့နေရာတွေ မဟုတ်ဘူး၊ ဒါပေမယ့် ဘာပဲပြောပြော ကျွန်တော်တို့က ဟိုအရင်ခေတ်ကလို ဂဠုန်စီမံချက်လိုမျိုး နဲ့ လိုက်ဖမ်းနေမှာ မဟုတ်ဘူး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ခင်ဗျားတို့အဆင်ပြေမယ့်နေရာလေးကို ဖန်တီးတယ်၊ အဲဒီနေရာမှာ ခင်ဗျားတို့ အခမဲ့ရမယ်၊ ဒါပေမယ့် စည်ပင်သာယာနဲ့ပတ်သက်တဲ့အခွန်အခတော့ ပေးရမယ်၊ အဲဒီနေရာလေးမှာ ဆန္ဒရှိရင် ကျွန်တော်တို့ဆီ ဖောင်လာယူပါဆိုပြီး ပြောထားပါတယ်၊ အတင်းအကြပ်ပြောင်းခိုင်း ရွှေ့ခိုင်းတာတွေ မလုပ်ပါဘူး" ဟု ပုဇွန်တောင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်းက ပြောသည်။

အဆိုပါ ဈေးတန်းကို ပုဇွန်တောင်မြို့နယ်၊ (၁၀) ရပ်ကွက်ရှိ အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်လမ်းကြား ၅၂လမ်းတွင် ဖွင့် လှစ်သွားမည်ဖြစ်ပြီး၊ ဈေးရောင်းချနိုင်ရန် တရုတ်ပြည်မှ မှာယူထားသည့်   လေးတိုင်စင်တဲအလုံးရေ ၁၅၀ ကို နေရာချထား တပ်ဆင်နေသည်။ ဈေးတန်းကို ယခုလကုန်ပိုင်းက စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မဲနှိုက်ကာ မပြောင်း နိုင်သေးသည့် ဈေးသည်များကို အချိန် ၁ ပတ်အချိန်ပေးသွားမည်ဟု သိရသည်။

"နောက် သုံးလေးရက်ဆိုရင် တဲတွေ တပ်ဆင်ပြီးပြီ၊ ဈေးသည်တွေကို စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီး ခေါ်ပြော မယ်၊ ဈေးသည်တွေကို တစ်ပတ်အတွင်း မူလနေရာကဖောက်သည်တွေကို ခေါ်ဖို့ပြောရမှာပေါ့၊ ဖွင့်ပွဲကို စက်တင်ဘာလ ဒုတိယပတ်လောက်ဖွင့်နိုင်အောင်ကြိုးစားနေတယ်" ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်ဦးခင်မောင်ဝင်းက ဆက်လက်ပြောပြသည်။

"ဈေးတန်းဖွင့်တာတော့ကောင်းပါတယ်၊ သန့်သန့်ရှင်းရှင်းနဲ့စနစ်တကျဆိုတော့ လာစားတဲပသူတွေလည်း စိတ် ချမ်းသာတာပေါ့၊ ဒါပေမယ့် ဈေးသည်တွေကတော့ သူတို့ချပေးတာ ၈ ပေခန်းကလေးဆိုတော့ နေရာကျဉ်း တာလေးတစ်ခုတော့ နည်းနည်းအခက်အခဲရှိတာပေါ့" ဟု ဈေးရောင်းချသူ ကိုဇော်မင်းထိုက်က ပြောသည်။

အဆိုပါ ဈေးတန်းသည် ညပိုင်းသာမက နံနက်ပိုင်းတွင်လည်း ဟင်းသီးဟင်းရွက်နှင့် အသားငါးများလည်း ရောင်းချနိုင်မည်ဖြစ်ကာ လုံခြုံရေးအတွက်လည်း စီစီတီဗီကင်မရာများကို ဓါတ်တိုင် ၁ တိုင်လျှင် ၃ လုံး၊ စုစု ပေါင်း ၁၅ လုံး တပ်ဆင်ထားပြီးဖြစ်သည်။ ဈေးတန်းတွင် နံနက်ခင်းတွင် ဟင်းသီးဟင်းရွက်နှင့်အသားငါး ဈေးသည် ၉၂ ဦး၊ ညနေပိုင်းတွင် အစားအသောက်နှင့် သစ်သီးဝလံဈေးသည် ၁၁၉ ဦး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly