မြစ်ရေဝင်ရောက်မှုကြောင့် ပိတ်ထားရသည့် မန္တလေးတိုင်းက အခြေခံပညာကျောင်း ၁၇၄ ကျောင်း ရေကျသော်လည်း ပြန်မဖွင့်နိုင်သေး

မြစ်ရေဝင်ရောက်မှုကြောင့် ပိတ်ထားရသည့် မန္တလေးတိုင်းက အခြေခံပညာကျောင်း ၁၇၄ ကျောင်း ရေကျသော်လည်း ပြန်မဖွင့်နိုင်သေး
 မြစ်ရေဝင်ရောက်မှုကြောင့် ပိတ်ထားရသည့် သပိတ်ကျင်းမြို့နယ်၊အောင်ချမ်းသာကျေးရွာတွင် ပိတ်ထားသည့် မူလတန်းကျောင်း။ (ဓာတ်ပုံ- အောင်ကိုဦး)

မန္တလေး၊ သြဂုတ် ၂၈ ။            ။ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ ရပ်ကွက်ကျေးရွာများတွင် ဧရာဝတီမြစ်ရေနှင့် ဒုတ္ထဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း ၁၇၄ ကျောင်းပိတ်ထားရသည်။

လက်ရှိအချိန်တွင် ရေအနည်းငယ်ပြန်ကျနေပြီဖြစ်သော်လည်း စာသင်ကြားရန် ခက်ခဲနေဆဲဖြစ်သောကြောင့် ၎င်းကျောင်းများ ပြန်မဖွင့်နိုင်သေးဘဲ ဆက်လက်ပိတ်ထားရဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး  ပညာရေးမှူးရုံးကသိရသည်။

"ဒီတစ်ခေါက်ကျောင်းတွေပိတ်ရတာများတယ်။ အရင်တစ်ကြိမ်က ကျောင်း ၁၀၀ လောက်ပဲပိတ်ခဲ့ရတယ်။ အခုကတော့ ၁၇၄ ကျောင်းပိတ်ခဲ့ရတယ်။ လက်ရှိ ၆ ကျောင်းလောက်ပဲ ပြန်ဖွင့်နိုင်သေးတယ်။   ရေကတော့ ပြန်ကျနေပါတယ်။"ဟု ၎င်းပညာရေးမှူးရုံးမှ တာဝန်ရှိသူကပြောသည်။

၎င်းကဆက်လက်၍ လက်ရှိ ယာယီပိတ်ထားရသည့်ကျောင်းများကို ပညာသင်ချိန်များ လျော့မသွားစေရန်အတွက် ပုံမှန်ကျောင်းပိတ်ရက်များတွင် အစားထိုးသင်ကြားမှုများ၊ ပုံမှန်ကျောင်းဆင်းချိန်များမှ အချိန်ပိုသင်ကြားမှုများဖြင့် ပြန်လည် အစားထိုးသင်ကြားမှုများ ပြုလုပ်သွားမည်ဟုဆိုသည်။

မြစ်ရေဝင်ရောက်မှုကြောင့် စဉ့်ကူးမြို့နယ်တွင် ၅၀ ကျောင်း၊ အမရပူရမြို့နယ်တွင် ၂၉ ကျောင်း၊ မတ္တရာမြို့နယ်တွင် ၆၁ ကျောင်း(အများဆုံး)၊ သပိတ်ကျင်းမြို့နယ်တွင် ၁၀ ကျောင်း၊ စဉ့်ကိုင်မြို့နယ်တွင် ၅ ကျောင်း၊ တံတာားဦးမြို့နယ်တွင် ၁၁ ကျောင်း၊ တောင်သာမြို့နယ်တွင် ၉ ကျောင်း၊ မြင်းခြံတွင် ၅၀ ကျောင်း၊ ညောင်ဦးတွင် ၉ ကျောင်း၊ ငါန်းဇွန်တွင် ၂၀ ကျောင်းနှင့် ပုသိမ်ကြီးတွင် ၂၀ ကျောင်း စုစုပေါင်း ၁၇၄ ကျောင်းကို ယာယီပိတ်ခဲ့ရကြောင်း တိုင်းပညာရေးမှူး မှတ်တမ်းအရသိရသည်။

ဧရာဝတီမြစ်နှင့် ဒုတ္တဝတီမြစ်တို့၏ လက်ရှိမြစ်ရေသည်လည်း တစ်နာရီလျင် တစ်စင်တီမီတာနှုန်းဖြင့် ကျဆင်းလျက်ရှိပြီး၊ မိုးသည်းထန်စွာ ထပ်မံရွာသွန်းမှုမရှိပါက ဆက်လက်ကျဆင်းသွားမည်ဖြစ်ပြီး စိုးရိမ်ဖွယ်မရှိကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးသန်းဇော်က မဇ္ဈိမကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required