ပုပ်ရဟန်းမင်းကြီးဖရန်စစ် နိုဝင်ဘာ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံလာမည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ် နိုဝင်ဘာ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံလာမည်

ရန်ကုန်၊ သြဂုတ် ၂၈ ။            ။ ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နိုဝင်ဘာ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု  မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဆရာတော်ကြီး ဂျွန်စောယောဟန်က မိန့်သည်။

၂၀၁၇ခုနှစ် နိုဝင်ဘာ ၂၇ရက် မှ ၃၀ရက်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မြန်မာပြည် ခရီးစဉ်နှင့်ပတ်သက်ပြီး သြဂုတ်လ ၂၈ရက်က ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ကျောင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၎င်း၏ မြန်မာပြည် ခရီးစဉ်တွင် ရန်ကုန် နှင့် နေပြည်တော်မြို့များကို သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၂ရက်အတွင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒါကာမြို့တို့ကိုလည်းသွားရောက်မည်ဟု သိရသည်။

ခရီးစဉ်အတွင်း နေပြည်တော်သို့သွားရောက်၍ နိုင်ငံတော်မှအရေးကြီးသည့် ပုဂ္ဂိုလ်များနှင့် လည်း မဖြစ်မနေတွေ့ဆုံသွားမည်ဖြစ်ကြောင်း ခရီးစဉ်နှင့်ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် Fr. Mariano Soe Naing ကမိန့်သည်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းတွေ့ဆုံ သွားရန်ရှိနေသည်။ သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ရှိမရှိကိုမှု ပြောဆိုခဲ့ခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်သို့ ဆက်သွားမည်ဖြစ်သော်လည်း "ရခိုင်ပြည်နယ်အရေးတော့ အသေးစိတ်တော့ဆွေးနွေးမှာမဟုတ်ဘူး။ ပြီးတော့ နိုင်ငံတစ်ခုရဲ့အနေအထားတစ်ခုကိုလည်း ဝင်စွက်ဖက်ခြင်းမရှိဘူး။ အိမ်ရှင်စိတ်ကသိကအောက်ဖြစ်စေမယ့် စကားမျိုးလည်း သူပြောမှာမဟုတ်ဘူး" ဟု Fr. Mariano Soe Naing ကမိန့်သည်။

အကြမ်းဖက်မှုဖြစ်တိုင်း အစ္စလမ်ဘာသာအပေါ် ဆက်စပ် ပြစ်တင်နေခြင်းမှာ မှန်ကန်မှုမရှိကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့ဖူးသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရခေါင်းဆောင်များနှင့်သာမက ဘာသာရေးခေါင်းဆောင်များ၊ လုပ်သားပြည်သူများ၊ လူငယ်များနှင့်လည်း
တွေ့ဆုံသွားရန်ရှိကြောင်း မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များအဖွဲ့ချုပ် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် မေ ၄ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပုပ်ရဟန်းမင်းကြီးတို့တွေ့ဆုံခဲ့ပြီးနောက် ရန်ကုန်မြို့တွင် အထူးသံတမန်တစ်ဦး စေလွှတ်ခန့်ထားမည်ဟု ဗာတီကန်စီးတီးဘက်က ပြောဆိုထားသလို မြန်မာအစိုးရဘက်ကလည်း ဗာတီကန်စီးတီးတွင် သံရုံး ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly