ဆီးခွက် ရေတံခွန်မှ အစပြု၍

ဆီးခွက် ရေတံခွန်မှ အစပြု၍

မကြာမီရက်ပိုင်းတွေအတွင်းက မောင်မှန် ပြည်သူ့ဆေးရုံ တစ်ရုံကို လူနာမေး ရောက်သွားခဲ့ပါတယ်။ မောင်မှန်နဲ့အတူ မောင်မှန့် တူနဲ့ တူမလည်း ပါပါတယ်။ လူနာတွေ့ချိန် ပြည့်ခါနီးတော့   မောင်မှန်တို့လည်း ပြန်ဖို့ ပြင်ရတော့တာပေါ့။ ပြန်ရမှာ ဝေးတော့ အပေါ့အပါးလေး သွားဦးမှပါလေဆိုပြီး တူ၊ တူမတွေနဲ့အတူ အိမ်သာဘက် ထွက်ခဲ့ကြပါတယ်။ အိမ်သာရောက်တော့ ကျား၊ မ ခွဲထားပေမယ့် မ အိမ်သာက အသုံးပြုလို့ မရဘူး။ ပိတ်ထားတယ်။ အခြေအနေဆိုးနေလို့ ဖြစ်မယ်ထင်တာပဲ။ ဒါနဲ့ တူမလေးလည်း ကျားအိမ်သာကိုပဲ ဝင်ရတယ်။ တူမလေးဝင်နေတုန်း    မောင်မှန်တို့နှစ်ယောက်က အပြင်က စောင့်ပေးပါတယ်။ သူပြန်ထွက်လာမှ ဝင်ဖို့ ပြင်ကြတယ်။ တူမလေး မှတ်ချက်က အရမ်းညစ်ပတ်တယ်တဲ့။

မောင်မှန်တို့ အထဲဝင်သွားတော့ အထဲမှာ ရေရွှတ်ပက်ကြီးနဲ့ပါ။ အနံ့အသက်ကလည်း အတော်ဆိုးပါတယ်။ ချော်မလဲအောင် အတော် သတိထားပြီး လျှောက်ရပါတယ်။ (Cat Walk လျှောက်တာထက်တောင် ခြေလှမ်းနဲ့ ကိုယ်နေဟန်ထားကို ပိုဂရုစိုက်ရသေးတယ်။) ဒါနဲ့ပဲ ဆီးခွက်ရှိရာ တူဝရီးနှစ်ယောက်သား ရောက်သွားရော ဆိုပါစို့။ မရိုသေစကား ရိုင်းသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးပါလို့ ကြိုတောင်းပန်ထားပါရစေခင်ဗျာ။

ဆီးခွက်က သုံးခွက်ရှိတယ်ခင်ဗျ။ တစ်ခွက်က ရေတွေလား၊ ဆီးတွေလား မသိဘူး၊ ပြည့်နေတယ်။ နှစ်ခွက်ကတော့ အလွတ်ပါ။ အဲတော့ တစ်ယောက်တစ်ခွက်ပေါ့။ မောင်မှန် ဆီးသွားပြီး ရေဘားကို နှိပ်မယ်လုပ်တော့ ဘားမှာ အပေါ်အကာ (Cover) မရှိတော့ဘူး။ အောက်က သံချောင်းလိုဟာလေးပဲ ရှိတော့တယ်။ ဒါလည်း နှိပ်ကြည့်ရမှာပဲဆိုပြီး နှိပ်လိုက်တယ်။ ရပါတယ်။ ရေလည်း ထွက်ပါတယ်။ ဒါပေမယ့် လက်လွှတ်လိုက်တဲ့အချိန်မှာ ဘားက ပြန်ကန်ထွက်မလာဘူး။ ရေက တရဟော ဆက်ထွက်နေပြီး ဆီးခွက်ကြီးပေါ် လျှံကျပါလေရော။ (ရေလျှံတယ်ဆိုတာ ဒါမှ အစစ်) မောင်မှန်လည်း ကွိုင်ပဲဆိုပြီး အထဲဝင်နေတဲ့ သံချောင်းလိုဟာလေးကို အမြန်ပြန်ထုတ်ဖို့ ကြိုးစားတယ်။ မလွယ်ဘူး ဒါနဲ့ ဘေးတစ်ခန်းကျော်က တူတော်မောင်ကို ဟကောင်ရ၊ လုပ်ပါဦး၊ ဒီမှာ ပြဿနာပေါ်နေလို့ဆိုတော့ သူက တစ်ချက်လှမ်းကြည့်ပြီး သားလည်း လေးလေးလိုပဲ ဖြစ်နေတာတဲ့။ ဂလိုနဲ့ နှစ်ယောက်သား ထိတ်လန့်ကြီးစွာ ကြိုးစားပြီးတဲ့နောက် အောင်မြင်မှု ရရှိသွားပါတယ်။ ဒီတော့မှပဲ ဟင်းချနိုင်တယ်။ ဒီတော့မှ အိမ်သာထဲ ရေရွှတ်ပက်ကြီး ဖြစ်ရခြင်းရဲ့ အဖြေကို သွားတွှေ့တယ်။ မောင်မှန်တို့ ရှေ့မှာ ဘယ်နှစ်ယောက်လောက် ဒုက္ခရောက်ပြီးပြီလဲ မသိဘူး။

မောင်မှန်က အပြောင်အပျက်သမားဆိုတော့ ပြောင်ဖို့ ပျက်ဖို့ပဲ အရင်တွေးမိတယ်။ အနောက်နိုင်ငံက မာဆယ်ဒူးရွန့်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဆီးခွက်ကြီးတစ်ခုကို အနုပညာပစ္စည်းဆိုပြီး ခင်းကျင်းပြသ ကမ္ဘာကျော်ခဲ့ဖူးပါတယ်။ ခုနက မောင်မှန်တို့အဖြစ်ကို ဆီးခွက်ရေတံခွန်များဆိုပြီး ခေါင်းစဉ်လေးပေးပြီး ပြလိုက်လို့ကတော့ ကမ္ဘာမက၊ စကြဝဠာပါ ကျော်သွားမှာ သေချာတယ်။ ဒါက ရေပိတ်နိုင်သွားမှ တွေးမိတဲ့ အတွေးပါ။ မပိတ်နိုင်ခင်ကတော့ ဇောချွေးတွေ ပြန်လို့ပေါ့။ ပိတ်လို့များ မရခဲ့ရင် ဆေးရုံ (Ward)ထဲက တာဝန်ရှိသူတွေကို အကြောင်းကြားရမယ်။ အကြောင်းကြားနေတုန်း ရေတံခွန်က တောက်လျှောက်ကျနေမယ့် ရေတွေက အိမ်သာကတစ်ဆင့် (Ward)ထဲ ဝင်လာမယ်။ အမှုကကြီးသထက် ကြီးလာပြီ။ အဲဂလောက်တွေ ဖြစ်ခဲ့ရင်   မောင်မှန်ဟာ ဆေးရုံတာဝန်ရှိသူများရဲ့ အငေါက်အငမ်း အကြိမ်းအမောင်းကို ခံယူဖို့ရာ သေချာသွားပါပြီ။ ပြည်သူ့ဆေးရုံဆိုတာကလည်း သိတဲ့အတိုင်းပဲ သန့်ရှင်းရေးဝန်ထမ်းကအစ မျက်နှာရိပ် မျက်နှာကဲ ကြည့်နေရတာ။ ရေဘားပျက်နေလို့ဖြစ်တဲ့ဟာကို ဒီအတိုင်း လက်ခံမယ်မထင်ဘူး။ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ ခေတ်ကြီးထဲ အကြာကြီး နေခဲ့ကြရသူတွေ မဟုတ်ပါလား။ ရေဘားပျက်တာ မုလိုချင်ဘူး၊ ရေပိတ်တာပဲ လိုချင်တယ်လို့ တုံ့ပြန်ဖို့ များပါတယ်။ နောက်ပြီး ကိုယ်လုပ်လို့ ပျက်ရတာပါဆိုပြီး စွပ်စွဲခံရဖို့လည်း များပါတယ်။ ဒါကြောင့် မောင်မှန် လန့်တာပါခင်ဗျာ။

ဘယ်နေရာမှာမဆို အိမ်သာဆိုတာ အရေးကြီးပါတယ်။ ကျန်းမာရေး ပြဿနာ အတော်များများဟာ အိမ်သာနဲ့ ဆက်စပ်နေတာ များပါတယ်။ ဆေးရုံက အိမ်သာ ပိုပြီး သန့်ရှင်းဖို့လိုတာကိုတော့   ပြောနေစရာတောင် လိုတော့မယ် မထင်ပါဘူး။ ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာပါတယ်။ အိမ်သာအသုံးပြုသူတွေဖက်က ချို့ယွင်းချက်တွေ ရှိနေတာလည်း အမှန်ပါ။ မတစ်ရာသား လူပေါင်းစုံ မဟုတ်လား။ ဒါကို မောင်မှန် နားလည်ပါတယ်။ ဆေးရုံဘတ်ဂျက်က မလောက်လို့ဆိုတာလည်း ရှိနိုင်ပါသေးတယ်။ တဖက်သတ်မရေးပါဘူး။ ဒါပေမဲ့ ဆေးရုံအိမ်သာလို နေရာမျိုးမှာ အိမ်သာပိတ်နေတာတို့ ရေဘားပျက်နေတာတို့ကတော့ လုံးဝ မဖြစ်သင့်ဘူးဆိုတာ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ဆေးရုံကလူနာတွေဆိုတာ ဝေးဝေးလံလံ အိမ်သာသွားဖို့ အခက်အခဲ ရှိကြမှာပါ။ ဒီအိမ်သာမကောင်း နောက်အိမ်သာ ပြောင်းဖို့ မလွယ်လှပါဘူးခင်ဗျာ။

အဲ အဲဒီ ပြည်သူ့ဆေးရုံနဲ့ ကပ်လျက်မှာပဲ ဆေးရုံအဆောင်သစ်ကြီး တစ်ခုလည်း ရှိလေရဲ့ အဲဒါလည်း ပြည်သူ့ဆေးရုံတော့ ပြည်သူ့ဆေးရုံပါပဲ။ ခရိုနီကြီးတစ်ယောက် အဲ အဲ Tycoon ကြီးတစ်ယောက် (အင်္ဂလိပ် - မြန်မာ အဘိဓါန်အလိုအရ သက်ဆိုင်ရာ လုပ်ငန်းတွေ သြဇာတိက္ကမရှိသော သူဌေးကြီးတစ်ယောက်) လှူဒါန်းထားတာပါ။ အဲဒီ ဆေးရုံဆောင်သစ်ကြီးထဲလည်း   မောင်မှန် ရောက်ဖူးပါတယ်။   မောင်မှန့်တူ နှလုံးခွဲရတုန်းကဆို ဆယ်ရက်လောက် နေ့တိုင်းလိုကို ရောက်တာပါ။ အဲဒီထဲမှာ အိမ်သာကတော့ ရှယ်ပဲခင်ဗျာ။ အတော်ကို ကောင်းပါတယ်။ အဆောင်က လေးထပ်လားရှိတယ်၊ ကိုယ့်အထပ်က သော့ခတ်ထားရင် အခြားအထပ်တွေ ဖွင့်ထားသလား လိုက်ကြည့်ပေရောပဲ။ (သော့ခတ်တယ်ဆိုရာမှာ အိမ်သာတစ်ခန်းချင်း ခတ်ထားတာမျိုး မဟုတ်ပါဘူး။ အိမ်သာအခန်းတွေကို စဝင်ရတဲ့ ပင်မတံခါးကြီး ခတ်ထားတာကို ပြောတာပါ။ တက်မရတဲ့ အိမ်သာရယ် ရေဘားပျက်နေတဲ့ ဆီးခွက်ရယ် သော့ခတ်ထားတဲ့ အိမ်သာရယ် ပြည့်သူ့ဆေးရုံရယ်တို့ဟာ ကိုယ်ရယ်မင်းရယ် ပန်းပိတောက်ရယ် သီချင်းလိုလိုပါပဲလား ခင်ဗျာ။

အစိုးရသစ် တက်ခါစ အချိန်တွေတုန်းကတော့ ပြည့်သူ့ဆေးရုံတွေ ဘယ်လို ဆေးတွေ ပေးတယ် ဘယ်လို ပိုကောင်းလာတယ်၊ ဆက်ဆံရေးတွေ ပိုယဉ်ကျေးလာတယ်၊ အစရှိသဖြင့် ကြားခဲ့ကြရပါတယ်။ ဟုတ်သလောက်လည်း ဟုတ်မှာပါ။ ဒါပေမဲ့ အချိန်နည်းနည်း ကြာလာတာနဲ့အမျှ နောက်ကြောင်းများ ပြန်ကြလေသလားမသိပါဘူး။ တလောကလည်း လွှတ်တော်ထဲ အဆိုတစ်ခု တင်တာကြားလိုက်တယ်။ နိုင်ငံတော် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တွေထက် ပိုသုံးနေတဲ့ ဝန်ကြီးဌာနကြီးတစ်ခုရဲ့ ဘတ်ဂျက် အသုံးပြုပုံကို ပွင့်လင်းမြင်သာမှုရှိအောင် သိချင်လို့ပါတဲ့။ အဆိုရှင်ကို မေးရဲတယ်၊ ပြောရဲတယ်၊ တင်ဝံ့တယ်ဆိုပြီး ဝိုင်းပြီး ထောပနာ ပြုတာ ကြားလိုက် ဖတ်လိုက်ရပါတယ်။ တစ်ဖက်ကလည်း အန်ကယ်ကတော့ နိုးပါလို့ ပြန်ဖြေပါတယ်။ တကယ်တော့ မေးသူရော ဖြေသူပါ သိပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အတိအကျ ပါဝင်ပြဌာန်းပြီးသားပါ။ ဆေးရုံဘတ်ဂျက်တွေ ကျောင်းဘတ်ဂျက်တွေဆိုတာ ပြည်တွင်းစစ် ရှိနေသမျှ လျှော့ပေါ့ပြီး ရနေကြဦးမှာပါ။ ဆီးခွက်ရေတံခွန် ပြင်ကြဖို့ ပြည်တွင်းစစ်ကို ရပ်စဲကြပါစို့လားခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly