ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ) ရွေးကောက်ခံ မေဂျာကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုပွဲ မန်းတိုင်းဝန်ကြီးချုပ် တက်ရောက် ကျမ်းသစ္စာ တိုင်ပေး

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ) ရွေးကောက်ခံ မေဂျာကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုပွဲ မန်းတိုင်းဝန်ကြီးချုပ် တက်ရောက် ကျမ်းသစ္စာ တိုင်ပေး

မန္တလေး၊ သြဂုတ် ၂၈ ။          ။ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ) ရွေးကောက်ခံ မေဂျာကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ၂၀၁၇ခုနှစ်၊ သြဂုတ်(၂၈)ရက် နံနက်(၉)နာရီက မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် ပြည်ထောင်စုခန်းမတွင် ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက်ပြီး ကျမ်းသစ္စာတိုင်ပေးခဲ့ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ) ရွေးကောက်ခံ မေဂျာကိုယ်စားလှယ်များအနေဖြင့် ကျောင်းသားထုအတွက် တောင်းဆိုမှုများရှိပါက မန္တလေးတိုင်းအစိုးရအဖွဲ့သို့ တင်ပြ ညှိနှိုင်းဖြေရှင်းရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မှာကြားခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုချိန်တွင် ဝန်ကြီးချုပ်ကိုယ်တိုင် ကျမ်းသစ္စာတိုင်ပေးခဲ့သည်။

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့များ၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။

''ကျောင်းသားကျောင်းသူတွေ ဦးဆောင်တဲ့ အသင်းအဖွဲ့တွေ ပေါ်ပေါက်လာဖို့ ကြိုးစားသွားမည်၊ ဂီတအသင်းတို့ စာပေအသင်းတို့ ပုံစံမျိုးပေါ့၊ ဌာနတွေနဲ့ ကျောင်းသားသမဂ္ဂကြားမှာ ပြေလည်တဲ့ ဆက်ဆံရေးဖြစ်လာအောင် တည်ဆောက်သွားမှာပါ၊ ကျောင်းသားအခွင့်အရေး ကာကွယ်ဖို့ လိုအပ်ချက်အခက်အခဲတွေကို တတ်နိုင်သလောက် လုပ်သွားမှာပါ'' ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ) ဥက္ကဋ္ဌ ကိုသန့်မင်းညိုက ပြောသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ) ရွေးကောက်ခံ မေဂျာကိုယ်စားလှယ် (၁၇)ဦးက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး ''ဘွဲ့ရပြီးရင် ဘာလုပ်မလဲ'' ခေါင်းစဉ်ဖြင့် စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ) နှင့် ဆရာ ဟိန်းလတ်တို့က ဟောပြောခဲ့ကြသည်။

ရတနာပုံတက္ကသိုလ်တွင် (၂၀၁၇)ခုနှစ် သြဂုတ်(၂၅)ရက်က ကျင်းပခဲ့သော ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ရ.တ.က.သ) စုံညီအစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ကိုသန့်မင်းညို၊ ဒုဥက္ကဋ္ဌ(၁)အဖြစ် မနန်းရွှေရည်လှိုင်၊ ဒုဥက္ကဋ္ဌ(၂)အဖြစ် ကိုစိုင်းအောင်ဝင်းထွန်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် မသွန်းအိမ်စည်သန့် အပါအဝင် (၆)ဦးကို ဗဟိုအလုပ်အမှုဆောင်တာဝန် ပေးအပ်ကြေညာခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required