လူငယ်များ ဘောလုံးကစားခွင့်ရရန် ဘောလုံးကွင်းနှင့် အပျော်တမ်းပွဲများ လိုအပ်နေ

လူငယ်များ ဘောလုံးကစားခွင့်ရရန် ဘောလုံးကွင်းနှင့် အပျော်တမ်းပွဲများ လိုအပ်နေ
မလေးရှားဆီးဂိမ်းတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားနေသော မြန်မာအသင်းအား တွေ့ရစဉ်။ ဓာတ်ပုံ-EPA

ရန်ကုန်၊သြဂုတ်၂၈ ။        ။ မြန်မာ့ဘောလုံးလောကအတွက် ဘောလုံးကွင်းများနှင့် အပျော်တမ်းလိဂ်ပြိုင်ပွဲများပိုမိုပြုလုပ်နိုင်ပါက အကျိုးရှိနိုင်ကြောင်း (Myanmar Utimate Football Tournament) အပျော်တမ်းဘောလုံးပြိုင်ပွဲစီစဉ်သူ ကိုရဲအောင် က ပြောသည်။

Myanmar Ultimate Football Tournament ဟုအမည်ပေးထားသည့် အပျော်တမ်းဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ(၂)ရက် မှ အောက်တိုဘာလ(၂၂)ရက်အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ YUSC ကွင်းတွင်ကျင်းပမည်ဖြစ်သည်။

အဆိုပါအပျော်တမ်းဘောလုံးပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်၌ စာချုပ်ဖြင့်ကစားနေသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံခြားသားကစားသမားများ ပါဝင်ခွင့်ရှိမည်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။

"အဓိကကပြောရရင်တော့ မြန်မာပြည်မှာဘောလုံးကန်ဖို့က အရမ်းဈေးကြီးတယ် ကွင်းကြီးကန်ဖို့ဆိုရင် အနည်းဆုံးပိုက်ဆံ(၂)သိန်းလောက်ရှိရင် ဘောလုံးသွားကန်လို့မရဘူး။ ပုဂ္ဂလိကကွင်းတွေတောင် ဖူဆယ်ကန်ရင် ၃၊ ၄၊ ၅သောင်း အနည်း ဆုံးကုန်နေတယ်။ ဘောလုံးကန်လို့ရမယ့်နေရာတွေ များများ Spaceတွေ ကုန်ကျစရိတ်သက်သက်သာသာနဲ့ သူတို့အတွက်လည်း ပိုရလာနိုင်ရင်တော့ ပိုပြီးအဆင်ပြေတာပေါ့ ဒါကတစ်နည်းအားဖြင့် မြန်မာ့လက်ရွေးစင်ပဲဖြစ်ဖြစ် တခြားဖူဆယ်တို့ဘာတို့လဲ အများကြီး အကျိုးသက်ရောက်တာပေါ့နော်။ အဲဒီလိုပိုလုပ်ပေးနိုင်ရင် ပိုအဆင်ပြေမယ်ထင်တယ်"ဟု Myanmar Ultimate Football အပျော်တမ်းပြိုင်ပွဲ စီစဉ်သူ ကိုအောင်ရဲမွန်ကဆိုသည်။

Myanmar Utimate Football Tournament အပျော်တမ်းပြိုင်ပွဲတွင် အသက်(၁၅)နှစ်မှ (၃၅)နှစ်အထိ အမျိုးသားများပါဝင်သည့် ပြိုင်ပွဲဝင်အသင်း (၁၆)သင်းယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဆုကြေးအနေဖြင့် ပထမရသည့်အသင်းအား ငွေကျပ်(၁၀)သိန်းနှင့် ဆုဖလားပေးအပ်သွားမည်ဖြစ်သည်။

UNOC အပါအဝင် Cobra၊ ဝင်းဝင်းအမွှေးတိုင်နှင့်ဖယောင်းတိုင်၊ Sports10 တို့မှ ပြိုင်ပွဲအတွက်အကူအညီပေးထားပြီး ပြိုင်ပွဲမှ ပရော်ဖက်ရှင်နယ် ကစားသမားများ ပေါ်ထွက်လာစေရန် မျှော်လင့်ထားပြီး ပွဲစဉ်များအားလုံးကို စနေ၊ တနင်္ဂနွေ ရက်များတွင် ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required