ပရိသတ်များ မျက်ရည်အတွက် ကြေးတံဆိပ်ဖြင့် နှစ်သိမ့်နိုင်ရန် ကြိုးပမ်းမည်ဟု သန်းပိုင်ပြော

ပရိသတ်များ မျက်ရည်အတွက် ကြေးတံဆိပ်ဖြင့် နှစ်သိမ့်နိုင်ရန် ကြိုးပမ်းမည်ဟု သန်းပိုင်ပြော

သြဂုတ် ၂၈၊ ရန်ကုန်။     ။ ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်တွင် ထိုင်းကိုရှုံးပြီး ပရိသတ်များငိုကြွေးခဲ့ရသည့် မျက်ရည်အတွက် တတိယနေရာလုပွဲတွင် ကြေးတံဆိပ်အရယူကာ   ပြန်လည်နှစ်သိမ့်   နိုင်ရန်ကြိုးစားမည်ဟု မြန်မာယူ-၂၂လက်ရွေးစင်အသင်းတိုက်စစ်မှူး သန်းပိုင်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

မြန်မာယူ-၂၂အသင်းမှာ ၂၀၁၇ ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို ၁ - ၀ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ဗိုလ်လုပွဲနှင့်ဝေးခဲ့ရကာ တတိယနေရာလုပွဲအဖြစ် သြဂုတ် ၂၉ရက်တွင် အင်ဒိုနီးရှားယူ-၂၂အသင်းနှင့် ကစားရမည်ဖြစ်သည်။

"ကျွန်တော်တို့ ပရိသတ်ဝမ်းနည်းပြီးငိုကြတာမြင်လို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ဒါမျိုးနောက်ထပ်မမြင်ရအောင်ကျွန်တော်တို့ကြိုးပမ်းမှာပါ။ အင်ဒိုနီးရှားကိုအနိုင်ယူပြီး တတိယကြေးတံဆိပ်ရအောင် အစွမ်းကုန်ကြိုးစားမှာပါ ''ဟု သန်းပိုင်ကပြောသည်။

ယခုနှစ်ဆီးဂိမ်းစ်တွင် မြန်မာယူ-၂၂အသင်းကို ရွှေတံဆိပ်ဆုရရှိရန် ရည်ရွယ်ကာပြင်ဆင်မှုများပြုလုပ်ခဲ့သော်လည်း အဓိကပြိုင်ပွဲကြီးများဖြစ်သည့် အာရှယူ-၂၃ခြေစစ်ပွဲမအောင်ခဲ့ရသလို ဆီးဂိမ်းစ်ဗိုလ်လုပွဲနှင့်လည်းဝေးခဲ့ရသည်။

" ဗိုလ်လုပွဲမတက်နိုင်ခဲ့လို့ အားလုံးဝမ်းနည်းခဲ့ရပါတယ်။ တိုင်းပြည်အတွက် တတိယဆုရအောင်ဆက်ကြိုးစားရမှာပါ။ အင်ဒိုနီးရှားက အသင်းလိုက် ကစားအားအရမ်းကောင်းသလို   မြန်လည်းမြန်ပါတယ်။ မြန်မာအသင်းက ညီညွတ်မှုနဲ့နားလည်မှု ရှိပြီးသားပါ။ မနက်ဖြန်ပွဲမှာ ဆုတံဆိပ်အရယူပါမယ်'' ဟု နည်းပြချုပ် ဂတ်ဇီဆီကလည်းပြောသည်။

မြန်မာယူ-၂၂အသင်းမှာ အင်ဒိုနီးရှားအသင်းနှင့် ကစားရမည့် တတိယနေရာလုပွဲတွင် ဝတ်စုံအဖြူရောင်ဝတ်ဆင်ကစားမည်ဖြစ်ပြီး အဆိုပါပွဲကို ဆာလာရန်းကွင်း၌ မြန်မာစံတော်ချိန်ညနေ ၃း၀၀ နာရီတွင်ကစားရမည်ဖြစ်သည်။ မြန်မာနှင့် အင်ဒိုနီးရှားတို့ ကစားမည့် တတိယနေရာလုပွဲအတွက် နှစ်ဖက်အသင်းပရိသတ်များကို လက်မှတ်စောင်ရေ ၄၅၀၀၀စီ ရောင်းချပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required