ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ

ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
ဧရာဝတီမြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ နှစ်ပေကျော် ရောက်ရှိနေသော ဟင်္သာတမြို့ အား ၂၀၁၆ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန် ၊ သြဂုတ် ၂၇ ။            ။ ဧရာဝတီတိုင်းအတွင်းရှိ မြို့အချို့တွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး နောက်သုံးရက် အတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဟင်္သာတမြို့တွင် (၂)ပေခန့်နှင့် ဇလွန်မြို့တွင် (၂)ပေခွဲခန့် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု ဖော်ပြထားသည်။

ယင်းအပြင် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၂) ပေခန့်၊ သာပေါင်းမြို့တွင် (၂) လက်မခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက်သုံးရက်အတွင်း မြစ်ရေသည် (၁) ခန့်စီ မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

တိုးမြစ်၏ မြစ်ရေသည် မအူပင်မြို့တွင် (၁) ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး နောက် (၂) ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအတွက်ကြောင့် ဟင်္သာတ၊ ဇလွန် ၊ ငါးသိုင်းချောင်း ၊ သာပေါင်း ၊ မအူပင် မြို့ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် မိုးဇလမှ သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required