လက်စတာနှင့်ပွဲကို အနိုင်မရခဲ့လျှင်လည်း အပြစ်တင်မိမည်မဟုတ်ဟု မော်ရင်ဟို ပြော

လက်စတာနှင့်ပွဲကို အနိုင်မရခဲ့လျှင်လည်း အပြစ်တင်မိမည်မဟုတ်ဟု မော်ရင်ဟို ပြော

သြဂုတ် ၂၇၊ အင်္ဂလန် ။            ။ အိုးထရက်ဖို့ဒ်ကွင်းတွင် မန်ယူအသင်းက လက်စတာအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် မန်ယူနည်းပြ မော်ရင်ဟိုက ယခုပွဲတွင် အနိုင်မရခဲ့ပါကလည်း မည်သူ့ကိုမှ အပြစ်တင်မိမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲကစားပြီးချိန်တွင် သုံးပွဲစလုံးအနိုင်ရထားပြီး သွင်းဂိုး ၁၀ ဂိုး ပေးဂိုးမရှိဖြင့် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။ အသင်း၏ကစားပုံမှာ တိုးတက်ကောင်းမွန်လာပြီး လက်ရှိအသင်းအပေါ် ယုံကြည်မှု အပြည့်ရှိကြောင်း မော်ရင်ဟိုက ဆိုသည်။

"အသင်းရဲ့ကစားပုံက တကယ်ကိုကောင်းပါတယ်။ ကျွန်တော်အလွန်ယုံကြည်မှုရှိပါတယ်။ လက်ရှိအသင်းက ဘောလုံးကို သက်သောင့်သက်သာနဲ့ကစားနိုင်သလို တန်ပြန်တိုက်စစ်တွေကလည်း အန္တရာယ်ပေးနိုင်ပါတယ်။

လက်စတာကစားတာကလည်း အရမ်းကောင်းပြီး ဝ-၀ ဖြစ်နေတဲ့အချိန်မှာ ကစားရတာ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက တည်တည်ငြိမ်ငြိမ်နဲ့ ပွဲကို ထိန်းကျောင်းကစားနိုင်ခဲ့ပါတယ်။ ပင်နယ်တီလွဲပြီးတဲ့အချိန်အထိတောင် အသင်းက ယုံကြည်မှု ပျောက်မသွားခဲ့ပါဘူး။

သုံးပွဲကစားပြီး ၉ မှတ်ရထားတာက ကျွန်တော်တို့အတွက် မနှစ်ကနဲ့ ခြားနားမှုမရှိပါဘူး။ မနှစ်တုန်းကလည်း ဒီလို လုပ်နိုင်ခဲ့တာပါပဲ။ ဒါပေမဲ့ ဒီနှစ်မှာ အသင်းရဲ့ ကစားပုံက ပိုပြီးကောင်းမွန်လာပါပြီ။ လက်ရှိအချိန်မှာ အသင်းရဲ့ ကစားပုံက တကယ်ကို ကောင်းပါတယ်။ တကယ်လို့ လက်စတာနဲ့ပွဲမှာ အနိုင်မရခဲ့ရင်တောင် ဘယ်သူ့ကိုမှ အပြစ်တင်မိမှာ မဟုတ်ပါဘူး" ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

လက်စတာနှင့်ပွဲတွင် မန်ယူအသင်းအတွက် အနိုင်ဂိုးများကို လူစားဝင်ကစားသမားများဖြစ်သည့် ရက်ရှ်ဖို့ဒ်နှင့် ဖယ်လိုင်နီတို့က ပွဲချိန် မိနစ် ၇၀ နှင့် ၈၂ မိနစ်တို့တွင် သွင်းယူပေးခဲ့ကြသည်။ ပွဲချိန် ၅၃ မိနစ်တွင် ရရှိခဲ့သော ပင်နယ်တီကို တိုက်စစ်မှူးလူကာကူ ကန်သွင်းရာတွင် ဂိုးမဝင်ခဲ့ပေ။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required