မောင်တောအကြမ်းဖက်မှုကို မြန်မာမွတ်စ်လင်မ် အရပ်ဖက်လူ့အဖွဲ့အစည်းနှစ်ဖွဲ့ ရှုတ်ချ

မောင်တောအကြမ်းဖက်မှုကို မြန်မာမွတ်စ်လင်မ် အရပ်ဖက်လူ့အဖွဲ့အစည်းနှစ်ဖွဲ့ ရှုတ်ချ

ရန်ကုန် သြဂုတ် ၂၇ ။         ။ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး   ပြင်းထန်စွာရှုတ်ချကြောင်း မြန်မာမွတ်စ်စလင်မ် အရပ်ဘက် လူ့အဖွဲ့အစည်းများဖြစ်သော တွဲလက်မြန်မာအရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ရွေးလက်ယာ အရပ်ဘက်လူ့အဖွဲ့အစည်းတို့က ယနေ့ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါအကြမ်းဘက်မှုများကို လုံးဝလက်မခံကြောင်း ၊ အကြမ်းဘက်သူများအနေဖြင့် အစ္စလာမ်ဘာသာကို အကြောင်းမဲ့အမည်ခံ အသုံးချနေခြင်းကို လက်မခံကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် အဆိုပါအကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် နိုင်ငံတော်ကို တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီရန် အသင့်ရှိသည်ဟုလည်း ဆိုသည်။

လက်ရှိဖြေရှင်းနေရသည့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို နိုင်ငံတော်၏ တရားသောစစ်ဟု ထုပ်ပြန်ချက်တွင် သုံးနှုံးဖော်ပြထားသည်။

 အဆိုပါ တရားသောစစ်အတွင်း ရခိုင်ပြည်နယ်ရှိ လူထုအသိုင်းအဝိုင်းအားလုံး ဘေးကင်းလုံခြုံရေးကို အစိုးရအနေဖြင့် ထည့်သွင်းစဉ်းစားဖို့ မျှော်လင့်ကြောင်း ရေးသားထားသည်ကိုလည်း တွေ့ရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ကိစ္စများမှာ လူမျိုးရေးပြသနာဖြစ်ပြီး ဘာသာရေးနှင့် ပတ်သက်သည်ဟု မယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။

"ကျွန်တော်တို့ အမြင်ကတော့ ဒီကိစ္စဟာ လူမျိုးရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ်တယ်၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတစ်ခုလည်း ဖြစ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း အကြမ်းဖက် သမားတွေလို့ သုံးထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ပြည်တွင်း ရေး ပြဿနာတစ်ရပ်အနေနဲ့ အစိုးရနဲ့ ဝိုင်းဝန်းဖြေရှင်းသွားဖို့ လိုလားပါတယ်" ဟု တွဲလက်မြန်မာအဖွဲ့မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက  ပြောကြားသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့မှယနေ့အထိ အကြမ်းဖက်တိုက်ခိုက်သူ ၇၇ ဦး အသေဖမ်းမိကာ ၂ ဦးကို အရှင်ဖမ်းမိကြောင်း ၊ တပ်မတော်သား ၁ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ၊ လဝက ဝန်ထမ်း ၁ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်သမားများလက်ချက်ဖြင့် အရပ်သား၆ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုပ်ပြန်ထားသည်။

တွဲလက်မြန်မာနှင့် ရွေးလက်ယာအရပ်ဘက်အဖွဲ့အစည်းများသည် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ရခိုင်ကိစ္စသည် အစ္စလာမ်ဘာသာနှင့် သက်ဆိုင်ကြောင်း ပြောကြားစဉ်ကလည်း ဘာသာရေးနှင့် မသက်ဆိုင်ကြောင်း မလေးရှားသံရုံးသို့ စာပို့ကန့်ကွက်ခဲ့ကြသည့် အဖွဲ့များ ဖြစ်သည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required