ထင်ထားသည်ထက် မက်ဂရီဂေါ် ပိုကောင်းဟု မေဝယ်သာပြော

ထင်ထားသည်ထက် မက်ဂရီဂေါ် ပိုကောင်းဟု မေဝယ်သာပြော

ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးကစားသမား မက်ဂရီဂေါ်သည် ထင်ထားသည်ထက် ပိုကောင်းခဲ့ကြောင်း အနိုင်ရသွားသည့် လက်ဝှေ့သမားမေဝယ်သာက ပြောသည်။

၁၀ချီမြောက်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရပြီးနောက် မက်ဂရီဂေါ်သည် ခက်ခဲမာကျောသည့် ပြိုင်ဘက်ဖြစ်ကြောင်း ပရိသတ်များမြင်ချင်သည့် ပွဲကောင်းတစ်ပွဲကို ၎င်းတို့နှစ်ယောက်ပေးစွမ်းနိုင်ခဲ့ကြောင်း၊ မက်ဂရီဂေါ်သည် ထင်ထားသည်ထက် ပိုကောင်းခဲ့သော်လည်း မိမိက သူ့ထက်ပိုကောင်းခဲ့ကြောင်း မေဝယ်သာက ပြောသွားခဲ့ခြင်းဖြစ်သည်။

လက်ဗီးဂတ်တွင် ထိုးသတ်သည့် ၁၂ချီစိန်ခေါ်ပွဲတွင်  မက်ဂရီဂေါ်အနေဖြင့် အစပိုင်းအချီများတွင် သာသူတင်ကိုယ်တင်ထိုးနိုင်ခဲ့ပြီး နောက်ပိုင်းအချီများတွင် မေဝယ်သာကသာ အသာစီးဖြင့်ထိုးသတ်ခဲ့သည်။

အသားတင်ထိုးသတ်ကြေးအဖြစ် တစ်ဦးလျှင်သန်း၁၀၀စီ ရခဲ့သော ယခုပွဲအနိုင်ရလဒ်ကြောင့် မေဝယ်သာသည် ကစားသမားဘ၀ ပွဲ၅၀ဆက်(ပွဲအားလုံး) အနိုင်ရသည့် မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့သည်။ မေဝယ်သာသည် ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘ၀ အစပြုရာ၁၉၉၆ အိုလံပစ်ပြိုင်ပွဲကစပြီးတပွဲမှ မရှုံးသေးပေ။ အလဲထိုးပွဲသိမ်းထိုးကွက်များဖြင့် နာမည်ကြီးသောUFC လိုက် ဝိတ်တန်းချန်ပီယံမက်ဂရီဂေါ် အတွက်မူ ယခုပွဲသည် ၎င်းအတွက် ပထမဆုံး လက်ဝှေ့ပွဲဖြစ်သည်။

မေဝယ်သာအနေဖြင့် ၂၀၁၅ခုနှစ်တွင် ပက်ကွီယိုကိုအနိုင်ရပြီးနောက် လက်ဝှေ့လောကမှ အနားယူမည်ဟုပြောဆိုခဲ့သော်လည်း ယခုတဖန်လက်ဝှေ့သမားစစ်စစ် မဟုတ်သူတစ်ဦးနှင့်   ပြန်လည်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲအပြီးတွင် နောက်ထပ်လက်ဝှေ့ထိုးသတ်တော့မည် မဟုတ်ကြောင်း အာမခံပြောဆိုသွားခဲ့သည်။

ရည်ညွှန်း-CNN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required