ရေဘေးသင့် သူများအတွက် ActionAid Myanmar ကူညီ

ရေဘေးသင့် သူများအတွက် ActionAid Myanmar ကူညီ
ပခုက္ကူမြို့နယ်ရှိ ကျွန်းကလေးကျေးရွာ။ (photo - ActionAid Myanmar)

သြဂုတ် ၁၂ ရက် ။        ။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ActionAid ၏ စီမံကိန်း ရွာပေါင်း ၃၂ ရွာရှိသည့်အနက် ၁၃ ရွာမှာ ရေဘေးသင့်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်တွင် စီမံကိန်း ရွာပေါင်း ၃၀ ရှိသည့်အနက် ၆ ရွာမှာ ရေဘေးသင့်ခဲ့ရသည်။

အဆိုပါမြို့နယ်နှစ်ခုရှိ ရေဘေးသင့်ရွာများအတွက် (သြဂုတ်လ ၁၀ ရက်နေ့အထိ) ကျပ်သိန်းတစ်ရာခန့်ရှိသည့် စားသောက်ကုန်၊ အခြားကယ်ဆယ်ရေးပစ္စည်းများနှင့် ငွေသားတို့အား ဝေငှပြီးပြီဖြစ်သည်။

ကျေးလက်ဖွံ့ဖြိုးရေးလူငယ် (Fellow) များ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းများနှင့် ရပ်ရွာလူထုတို့နှင့်တွဲဖက်၍ ActionAid သည် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းတို့ အားလုပ်ဆောင်လျှက်ရှိ ပါသည်။

ချင်းပြည်နယ်တွင် စီမံကိန်းရွာပေါင်း ၆၀ အနက် ၄၂ ရွာမှာ ရေဘေးဒဏ်ခံခဲ့ရပြီး ActionAid အနေဖြင့် ဒေသခံ မိတ်ဖက် အဖွဲ့အစည်းများဖြစ်ကြသော HLDO နှင့် GREEN တို့နှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ActionAid ကထုတ်ပြန်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းရွာများမှာ ထိခိုက်မှုမရှိသော်လည်း တိုင်းဒေသကြီးအတွင်းရှိ နေရာအနှံ့အပြား၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေရာ ActionAid အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျှက်ရှိပါသည်။

အထက်ပါ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှာ လက်ရှိတွင် Orange Alert သတ်မှတ်ခံထားရပြီး ActionAid အနေဖြင့် ကာလတိုအားဖြင့် စားသောက်ကုန်၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ဘေးအန္တရာယ်လွန် အကူညီတို့အား ပံ့ပိုးသွားမည်ဖြစ်ပြီး ကာလတိုအလွန်အတွက် စောင့်ကြပ်ကြည့်ရှုရေးနှင့် ဆန်းစစ်ရေးတို့အား ပြုလုပ်သွားမည်ဖြစ်ပါသည်။

ActionAid ၏ ကူညီမှုများသည် ချင်းပြည်နယ် ဟားခါး ၊ ဖလမ်း ၊ ထန်တလန် နှင့် ပလက်၀ မြို့နယ် ၄ခု၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ မကွေးတိုင်း ပခုက္ကူမြို့နယ် တို့တွင် နေထိုင်ကြသောမိသားစု ၅၀၀၀ ခန့်မှ လူဦးရေ ၂၅,၀၀၀ တို့အား တိုက်ရိုက်အကျိုးရှိစေမည်ဟုဆိုသည်။

နိုင်ငံတော်အဆင့်တွင်လည်း ActionAid သည် United Nations၊ အခြားသော INGO များနှင့် ချိတ်ဆက်ကာ WASH, Food, Protection နှင့် Shelter အစရှိသည့် Cluster Meeting များတွင် တက်ကြွစွာ ပါဝင်လျှက်ရှိပါသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရာတွင် အမျိုးသမီးများ၏ ဦးဆောင်မှုနှင့် ပါဝင်ဆောင်ရွက်မှုတို့အား ကာကွယ်ရန် အတွက် အမျိုးသမီးဦးဆောင်သည့်အဖွဲ့များကိုလည်း ဖွဲ့စည်းထားသည်။

၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ActionAid သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုမှ ဆင်းရဲနွမ်းပါးသူ အများအပြားအား ကူညီလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly