မောင်တောမြို့ပေါ်ရဲစခန်းပါ တိုက်ခိုက်ခံနေရ

မောင်တောမြို့ပေါ်ရဲစခန်းပါ တိုက်ခိုက်ခံနေရ

ရန်ကုန် ၊ သြဂုတ် ၂၆ ။               ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသအတွင်း တိုက်ခိုက်မှုသည် မောင်တောမြို့ပေါ်ရှိ ရဲစခန်းကိုပါ တိုက်ခိုက်ခံရနေသည်အထိ ဖြစ်ပွားလာနေပြီးဖြစ်ကြောင်း မောင်တောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက မဇ္စျိမသို့ ပြောသည်။

"လက်ရှိအချိန်မှာ တိုက်ခိုက်ခံရနေဆဲပဲ။ မောင်တော မြို့ပေါ်က ရဲစခန်းလည်း တိုက်ခိုက်ခံရတယ်။ သေနတ်တွေနဲ့လည်း ပစ်တယ်လေ။ ပိတ်မိနေတာတော့ တစ်မြို့လုံးပိတ်မိနေတာ ဘယ်နေရာမဆိုအကုန်လုံးပိတ်မိနေတယ် မောင်တောတစ်မြို့လုံး ပိတ်မိနေတယ်" ဟု ဦးကျော်ကျော်ဝင်း ကဆိုသည်။

ယင်းအပြင် မောင်တော သုံးမိုင်သာစည်ရွာအတွင်း အမျိုးအမည် ခွဲခြားမရသည့် လက်နက်တစ်ခုသည် နေ့လည် ၃နာရီ ခန့်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု အဆိုပါကျေးရွာရှိ ၀န်ထမ်းတစ်ဦးက မဇ္စျိမသို့ သတင်းပေးပို့ထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ချက်အရ သြဂုတ်လ ၂၅ ရက်ညက မောင်တောမြို့နယ် မြောက်ပိုင်းရှိ လိပ်ရကျေးရွာတွင် လူ ၄ ဦး အသတ်ခံခဲ့ရပြီး ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူနှင့် အစိုးရသတင်းပေးဟု သံသယရှိသူတို့ သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့ပြီး လက်လုပ်မိုင်း၊ လုပ်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပါ ပြုလုပ်ခဲ့ကြသည်။ လက်ရှိသတင်းရေးသားသည့်အချိန်အထိ မောင်တောမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required