ဆီဘောက်ဆာကားမီးလောင်မှု ကုမ္ပဏီက လာရောက်ညှိနှိုင်း

ဆီဘောက်ဆာကားမီးလောင်မှု ကုမ္ပဏီက လာရောက်ညှိနှိုင်း
ဓာတ်ပုံ-မေသက်ဇင်

ရန်ကုန်၊ သြဂုတ် ၂၆ ။              ။ ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့့် ဆီဘောက်ဆာကား မီးလောင်မှုအတွက် ဆီဘောက်ဆာကုမ္ပဏီက အိမ်ပိုင်ရှင်များထံ သြဂုတ်လ ၂၆ရက်နေ့က လာရောက်ပြီး ပျက်စီးဆုံးရှုံးမှုများကို တွက်ချက်ကာ ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

"ဒီနေ့မှာ ဆီဘောက်ဆာကုမ္ပဏီက လာပြီးတော့ ဆုံးရှုံးသွားတဲ့ ကိစ္စတွေကို တွက်ချက်တိုင်းတာ စစ်ဆေးမှုတွေ လုပ်ပါတယ်။ သူတို့ကလည်း ဒီဟာကို အလုပ်ခွင် အာမခံ အဖြစ် တင်ထားတာ   ဖြစ်တဲ့အတွက်၊ ဒါကို အားလုံးပေါင်း ဆောင်ရွက်ပေးပါမယ်ဆိုပြီး လာသွားတာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ကတော့ စိတ်သက်သာရာလေး အနည်းငယ်ရတယ်လို့   ပြောလို့ရတာပေါ့နော်။ ဒါ ထူးခြားတဲ့ဟာလေးတစ်ခု ဖြစ်လာပြီပေါ့။ အမှန်ဆိုရင်တော့ ဒီနေ့က တကယ်ဆိုရင် စပြီး တရားစွဲတော့မယ့် အနေအထားရှိတာပေါ့၊ ပြည်သူတွေကနေပြီးတော့။ ဒါပေမဲ့ အဲ့ဒါကို breakဖြစ်သွားစေ တယ်ပေါ့ ဒီကိစ္စကလေ။ နောက်ပြီး ဆီကုမ္ပဏီနဲ့ ကွန်တိန်နာကုမ္ပဏီ ကိုတော့ သူတို့ဆက်စောင့်နေပါတယ်" ဟု ဒဂုံမြို့သစ်တောင်ပိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက မဇ္စျိမကို ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် သုံးထပ်တိုက်အပါအဝင် အဆောက်အဦ ခုနှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းခြောက်ရာကျော်ရှိခဲ့သည်။အိမ်ပိုင်ရှင်များအနေနှင့်  မီးဒဏ်သင့်နေရာကို လာရောက်ကြည့်ရှုစေချင်ပြီး သင့်တင့်တဲ့ လျော်ကြေးကို သက်ဆိုင်ရာကုမ္ပဏီများက ပေးလျှော်စေချင်သော်လည်း ယခုချိန်ထိ ဆီဘောက်ဆာကုမ္ပဏီတစ်ခုသာ လာရောက်ကြည့်ရှုညှိနှိုင်းသေးသည်ဟု သိရသည်။

၄င်းမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ပုဒ်မ ၂၇၉/၂၈၅ ဖြင့် အရေးယူထားပြီး အိမ်ပိုင်ရှင်များဘက်က ကုမ္ပဏီများအား အမှုဖွင့်တိုင်ကြားမှု မရှိသေးကြောင်း ဦးညီညီက ဆိုသည်။

သြဂုတ်လ ၂၂ရက်နေ့ ညပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆီဘောက်ဆာကားတစ်စီးကို ကွန်တိန်နာကားတစ်စီးက နောက်မှ ၀င်တိုက်မိကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ၄င်းဆီဘောက်ဆာကားသည် အကန့်ငါးကန့်ပါသည့်အနက် နောက်ဆုံးအကန့်က မီးစတင်လောင်ကျွမ်းခဲ့သောကြောင့် ဆီဘောက်ဆာကားမောင်းသူ ဒဏ်ရာမရပဲ လွတ်မြောက်ခဲ့သည်။ နောက်မှဝင်တိုက်ခဲ့သည့် ကွန်တိန်နာကားမောင်းသူမှာမူ ယခုချိန်ထိ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly