စစ်တွေမြို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်း

စစ်တွေမြို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်း

စစ်တွေ၊ သြဂုတ်လ ၂၆ ရက်။                 ။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ်လ ၂၇ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ငြိမ်းချမ်းရေး ဂီတပွဲတော်(Peace Music Festival) ဆန်ခါတင် လူရွေးချယ်ပွဲကို ရက်အကန့်သတ်မရှိ ရွှေ့ဆိုင်းထားလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသမတည်မငြိမ်မှုများ ရှိနေသဖြင့် ၂၇ ရက်နေ့တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေး ဂီတပွဲတော်ကို ယာယီရပ်နားလိုက်ရခြင်းဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးမင်းအောင်က  ပြောသည်။

“အခုမောင်တောမြို့နယ်တွေမှာ ဖြစ်နေတဲ့ လတ်တလော အခြေနေတွေကြောင့် မနေ့က ၀န်ကြီးချူပ်က ဖုန်းဆက်ပြီး ပြောတယ်။ ဒီအချိန်ဟာ ငြိမ်းချမ်းရေးဂီတပွဲတော်   ပြုလုပ်ဖို့မသင့်တော်ဘူးဆိုပြီး ပြောတယ်။ ဒါကြောင့် ယာယီရက်ရွှေ့ဆိုင်းထား လိုက်တာပါ။”ဟု ဦးမင်းအောင်က ပြောသည်။

စစ်တွေမြို့တွင် ကျင်းပပြုလုပ်မည့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို ရက်ရွွှေ့ဆိုင်းလိုက်ပြီး ကျင်းပမည့်ရက်ကို အတိကျ မသတ်မှတ် ရသေးကြောင်း ၀န်ကြီးချူပ်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ အတိကျ ပြန်လည်သတ်မှတ်နိုင်မည်ဖြစ်ကြောင်းလည်း ဦးမင်းအောင်က ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေး ဂီတပွဲတော်ကို ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခုတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းပွဲတော်ကို ဇူလိုင်လ ၉ ရက်နေ့မှစတင်ကာ ကျင်းပလာခဲ့ရာ ရှမ်းပြည်နယ်တွင် တောင်ကြီးနှင့် လားရှိုး၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ မွန်ပြည်နယ် မော်လမြိုင်၊ ဧရာဝတီတိုင်း ပုသိ်မ်၊ ရန်ကုန်တိုိင်းတို့တွင် ကျင်းပြုလုပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးပွဲတော်(Peace Music Festival)ကို စစ်တွေမြို့တွင် ကျင်းပပြုလုပ်ပြီးပါက နေပြည်တော် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ဆက်လက်ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly