အကြမ်းဖက်အုပ်စုအဖြစ် နိုင်ငံတော်က ကြေညာချက်အပေါ် လူထုသဘောထား

အကြမ်းဖက်အုပ်စုအဖြစ် နိုင်ငံတော်က ကြေညာချက်အပေါ် လူထုသဘောထား

စစ်တွေ၊ သြဂုတ် ၂၆ ရက်။                   ။ ရခိုင်နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေဖြစ်တဲ့ ARSA အဖွဲ့နဲ့ သူတို့ရဲ့ လုပ်ရပ်များကို ထောက်ခံကူညီသူတွေကို အကြမ်းဖက်အုပ်စုတွေအဖြစ် မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က သြဂုတ် ၂၅ ရက်နေ့ ညနေမှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်က နိုင်ငံရေးပါတီ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ ဗုဒ္ဓဘာသာ ရဟန်းရှင်လူထု အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရခိုင်ကမူဆလင်လူအဖွဲ့အစည်းခေါင်းဆောင်၊ ရခိုင်အရေးလေ့လာသုံးသပ်သူ ဝေဖန်ရေးဆရာများကို RiA က သြဂုတ် ၂၆ ရက်နေ့ မနက်မှာ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဦးဦးသန်းနိုင် - ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်/ ရသေ့တောင် မဲဆန္ဒနယ် အမှတ် (ရခိုင်အမျိုးသားပါတီ)

ဘင်္ဂလီတွေက အကြမ်းဖက်မှုတွေ လုပ်တာက ကြာနေပါပြီ။ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်နယ်ရော ပြည်ထောင်စုပါ ဒါဟာ အကြမ်းဖက်အဖွဲ့ဖြစ်တယ်ဆိုတာကို တင်ပြတယ်။ လွှတ်တော်မှာ အဆိုတင်သွင်းတယ်။ ဒါတွေက ကြာခဲ့ပြီ။ ခုမှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တယ်ဆိုတာက လူတွေက သေကုန်ကြပြီ။ လုပ်ရမှာက ဒီအကြမ်းဖက်အဖွဲ့ကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ရမှာပါ။ လူ့အဖွဲ့အစည်းမှာ အကြမ်းဖက်အဖွဲ့ဆိုတာ မရှိရပါဘူး။ ရှင်သန်ခွင့်ပေးလို့လည်း မရဘူး။ တကမ္ဘာလုံးမှာလည်း တိုက်ထုတ်နေတာပဲ။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီအကြမ်းဖက်အဖွဲ့ကို လုံးဝပျောက်ကွယ်သွားဖို့ အဆိုတင်တာ၊ အစိုးရကို တိုက်တွန်းတာရော လုပ်သွားမှာပါ။

ဒေါက်တာစန်းရွှေ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ/ ရခိုင်ပြည်နယ် - ဥက္ကဋ္ဌ

ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ကနေ သြဂုတ် ၁၄ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်မှာ မောင်တောဖြစ်စဉ်ဟာ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်တယ်။ ကျူးလွန်သူတွေကို အကြမ်းဖက်သူများအဖြစ် သတ်မှတ်အရေးယူဖို့ လွှတ်တော်ကို တင်သွင်းခဲ့တယ်။ လွှတ်တော်က ပယ်ချခဲ့တယ်။ ခုတော့ နိုင်ငံတော်က ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ကြောင်း ကြေညာချက်ဟာ ကျွန်တော် ပါတီရဲ့ သဘောထားလည်း ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မောင်တောဒေသရဲ့ လုံခြုံရေးကို ပိုပြီး အင်အားတိုးမြှင့်ဖို့နဲ့ မောင်တောဒေသမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်၊ လုံခြုံရေး နယ်ခြားစောင့်တပ်ဖွဲ့ ရဲတွေအပေါ်မှာလည်း ထိုက်သင့်သလောက် အခွင့်အာဏာတွေပေးမှလည်း ပိုပြီးတော့ အဆင်ပြေမှာ ဖြစ်ပါတယ်။

ကျော်လင်း (ရောင်စုံ) - ရခိုင်အရေးဝေဖန်ရေးဆောင်ပါးရှင်

လက်ရှိဖြစ်နေတဲ့အနေအထားအရဆိုရင် ယခုလို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်တဲ့ စကားလုံးက လုံလောက်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒေါက်တာ ကိုဖီအာနန် (ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဋ္ဌ) ကိုယ်တိုင်ကလည်း အကြမ်းဖက်မှုကို ရှုတ်ချတဲ့အပေါ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်က ကြိုဆိုထားတာလည်း ကျေနပ်စရာပါ။ ဒါပေမယ့် ဒီလောက်ထိ ဖြစ်စဉ်တွေ အများကြီး ပေါ်ပေါက်ခဲ့ပြီးမှ ဒီနာမည်တစ်လုံးပဲ ရသလားဆိုတာက တွေးစရာပါ။ ဒီနာမည်တစ်လုံးကို (အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ခြင်းကို ဆိုလိုသည်) ရဖို့တောင်မှ လွှတ်တော်ထဲမှာ တစ်နှစ်ကျော်လောက် တိုက်ပွဲဝင်ခဲ့ရတယ်ဆိုရင် နိုင်ငံတော်အကြီးအကဲတွေဟာ ဒီကိစ္စအပေါ် ဘယ်လောက်ထိ ပေါလျော့စွာ တွေးခဲ့သလဲဆိုတာ သိသာနိုင်ပါတယ်။ အစိုးရအနေနဲ့ ယခင်ကတည်းက ပြတ်ပြတ်သားသား လုပ်ခဲ့ရင် ခုလို ဖြစ်လာစရာ မရှိပါဘူး။ မနေ့က (သြဂုတ် ၂၅ ရက်နေ့ကို ရည်ညွှန်းလိုခြင်းဖြစ်သည်) ရဲဌာနချူပ်၊ ရဲကင်းစခန်း ဒါဇင်နဲ့ချီပြီး စီးနင်းခံခဲ့ရတယ်။ ဒါပေမယ့် တပ်မတော်က အချိန်မီ ထိန်းချူပ်နိုင်ခဲ့တယ်ဆိုတာတွေဟာ အခြေအနေတွေက တစုံတရာ ဆိုးရွားမှုကို ဦးမတည်ခဲ့ဘူးဆိုတာ တွေ့ရတယ်။ ဆိုတော့ နိုင်ငံတော်က အမှန်တကယ်ပဲ   စေတနာအမှန်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဘာပြဿနာမှာ ဖြစ်လာစရာ မရှိဘူးလို့ပဲ ဆိုရမှာပဲ။ 

ဦးဓမ္မိက - စည်းကမ်းထိန်းသိမ်းရေးနှင့် ရဟန်းတော်များ ကူညီစောင့်ရှောက်ရေးအဖွဲ့

ဦးဇင်းတို့ကတော့ ယခုလို ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အများကြီး သာဓုခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်သင့် လုပ်ထိုက်တာကလည်း ကြာနေပါပြီ။ သို့သော် ခုချိန်မှာတော့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အစိုးရက ကျယ်ကျယ်ပြန့်ပြန့် သိမြင်လာရတဲ့အခါ ခုလို ထုတ်ပြန်လိုက်တာကလည်း ရခိုင်ပြည်နယ်သူ ရခိုင်ပြည်နယ်သားတွေက အများကြီး ဝမ်းသာအားရဖြစ်မိသလို   ကျေနပ်အားရမှုလည်း ရှိတယ်လို့ ဦးဇင်းတို့က ပြောချင်ပါတယ်။ တစ်ဘက်မှာ အစိုးရရဲ့ ယခုကိစ္စအပေါ် အရေးယူ ဆောင်ရွက်မှုတွေအပေါ်မှာလည်း ဦးဇင်းတို့မြင်တာက   နိုင်ငံတကာမျက်နှာစာမှာ ဆိုးဆိုးရွားရွား မမြင်ကြစေဖို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့ကြတယ်လို့ မြင်တယ်။ မောင်တောကိစ္စကို အကြမ်းနည်းနဲ့ အစိုးရက မဖြေရှင်းဘဲ အနုနည်းနဲ့ ဆောင်ရွက်ခဲ့ပေမယ့် ခုချိန်မှာတော့ နိုင်ငံတော်အစိုးရတစ်ရပ်၊ စစ်တပ်ကိုတောင်မှ အာခံလို့ လုပ်လာတယ်ဆိုတော့ ခုချိန်မှာ အစိုးရက ဒီလိုလုပ်လိုက်တာဟာ အများကြီး ပိုကောင်းတယ်လို့ ဦးဇင်းတို့က စဉ်းစားပါတယ်။

ဦးကျော်လှအောင် - ဘင်္ဂလီအရေး လှုပ်ရှားဆောင်ရွက်သူ

အစိုးရက ယခုလို ထုတ်ပြန်ကြေညာလိုက်တာ ကောင်းပါတယ်။ ဒါကလည်း အကြမ်းဖက်မှု တကယ်ဖြစ်နေတာပဲ။ သို့သော် နိုင်ငံတော်အနေနဲ့လည်း ခုလို အကြမ်းဖက်မှုတွေမဖြစ်အောင် ဘယ်လို တားဆီး ကာကွယ်ရမလဲဆိုတဲ့ လမ်းစဉ်ကို သွားသင့်ပါတယ်။ တဘက်မှာ ရခိုင်ပြည်နယ်က မူဆလင်တွေအနေနဲ့လည်း အဲဒီအကြမ်းဖက်အုပ်စုနဲ့ မပူးပေါင်း မပါဝင်ဘဲ ငြိမ်းချမ်းရေးလမ်းစဉ်ကို ရှာဖွေပြီး နှစ်ဘက်လူ့အဖွဲ့အစည်းတွေ ဘယ်လို သင့်သင့်မြတ်မြတ်နေမလဲဆိုတာပဲ မူဆလင်တွေနဲ့ ရခိုင်တွေနဲ့ ပူးပေါင်းပြီး လုပ်စေချင်ပါတယ်။ အရင်တုန်းကလည်း နေလာခဲ့ကြပြီးပြီ။ ဆက်ပြီးတော့ ဘယ်လိုငြိမ်းငြိမ်းချမ်းချမ်းနေသွားကြမလဲဆိုတာပဲ စဉ်းစားစေကြချင်ပါတယ်။ အဲဒီအုပ်စုကို (အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံရသော - ARSA အဖွဲ့အား ဆိုလိုခြင်းဖြစ်သည်) အားမပေးဘဲ၊ မပူးပေါင်းဘဲ အစိုးရကိုပဲ တောင်းဆိုပြီးတော့ ငြိမ်းချမ်းရေးအတွက် စကားပြောကြတာကိုပဲ လိုချင်ပါတယ်။

ဦးအောင်ဌေး - အရပ်ဖက်လူမှုအဖွဲ့ - အနောက်တံခါး ကူညီစောင့်ရှောက်ရေးအသင်း

နိုင်ငံတော်ရဲ့ကြေညာချက်မှာ အချက်တချို့ကို ကျွန်တော်တို့ မရှင်းလင်းပါ။ အပိုဒ် (၁) မှာဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဘင်္ဂလီများ၏ ပဋိပက္ခအပေါ် ဆိုတာက ကျွန်တော်တို့ မရှင်းလင်းပါ။ တကယ်တော့ ယခု ကိစ္စက ရခိုင်နဲ့ ဘင်္ဂလီကြားက ပြဿနာမဟုတ်ဆိုတာ နိုင်ငံတော်က သိရမယ့်ကိစ္စပါ။ အသုံးအနှုန်းတွေ မှားနေတယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။ အဓိက ဖြစ်တာက ရခိုင်တစ်ခုတည်းနဲ့ ဖြစ်တာမဟုတ်ဘူး ဆိုတာ သုံးသင့်ပါတယ်။ ယခုက ဒီပြဿနာကို ရခိုင်လူမျိုးတစ်ခုတည်းနဲ့ ဆိုင်ကြောင်း ဖယ်ရှားလိုက်သလို ဖြစ်သွားတယ်။ တစ်ဘက်မှာ လက်ရှိမှာ ၂၀၁၆ အောက်တိုဘာမှာ ဖြစ်တာနဲ့ ခုဖြစ်တာနဲ့ အများကြီး ကွာပါတယ်။ ဒါပေမယ့် ယခင်က တပ်မတော်က ရှင်းလင်းမှုတွေထက် ယခု ရှင်းလင်းမှုတွေက ပိုထိရောက်တယ်လို့   မြင်ပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အခန်း ၁၁ မှာပါတဲ့ ပုဒ်မ ၄၁၂၊ ၄၁၃ အရ အရေးပေါ်စီမံခန့်ခွဲမှု ကာလုံအစည်းအဝေး ခေါ်ယူတာတွေ လုပ်သင့်တယ်လို့ မြင်တယ်။ ခု တိုက်ခိုက်ခံနေရတာတွေကလည်း ရဲဌာနချူပ်၊ ရဲစခန်း အာဏာပိုင်တွေကို ဦးတည်နေတာကြောင့် သူတို့က မြန်မာနိုင်ငံရဲ့ အချူပ်အခြာအာဏာကို ထိပါးတယ်လို့ ယူဆနိုင်တယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချူပ်အပါအဝင် သမ္မတတို့က အစည်းအဝေးတစ်ခု ခေါ်ယူပြီး ပြတ်ပြတ်သားသား ချေမှုန်းမယ့် ဆုံးဖြတ်ချက်တစ်ခုခုကို ချသင့်တယ်လို့ မြင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly