ကဆုန့်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်သော်လည်း လုံခြံုရေး စိုးရိမ်နေရသည်ဟုဆို

ကဆုန့်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်သော်လည်း လုံခြံုရေး စိုးရိမ်နေရသည်ဟုဆို

သြဂုတ်လ ၂၆ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။            ။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာအနီး တပ်မတော်နှင့်KIA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နေရပ်ရင်းရောက်ကြပြီ ဖြစ်သော်လည်း လုံခြံုရေး စိုးရိမ််နေရသည်ဟု သိရသည်။

လက်ရှိ ကဆုန့်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း ကဆုန့်ကျေးရွာသည့် ကားလမ်းပေါ်တွင် တပ်မတော်လုံခြံုရေးအဖွဲ့များ ရှိနေသေးသဖြင့် ဒေသခံများ၏ လုံခြံုရေး စိုးရိမ်နေကြခြင််း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“ရွာသားတွေ ကောင်းကောင်းမွန်မွန် ရောက်ပြီဆိုတော့ ရွာအန္တရာယ်ကင်း ဆုတောင်းခဲ့တယ်။ ခုတော့ ရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတော့ မဖြစ်ဘူး။ ဒါပေမဲ့ ကဆုန့်ကိုသွားတဲ့ လမ်းနဲ့ နမ္မတီးဘက်မှာ တပ်က ရှိသေးတော့ သွားရေးလာရေးလုပ်တဲ့ ဒေသခံ တွေအတွက် လုံခြံုရေးတော့ သတိထားရမယ်။ တပ်တွေ ဆုတ်ပေးဖို့ အစိုးရကို တော့ စာရေးထားတယ််။ ဒါပေမဲ့ ချက်ချင်းတော့ မလုပ်ပေးဘူး။ မနက်ဖြန်၊ သဘက်ခါလောက်ဆိုရင်တော့ ဆုတ်သွားမယ်လို့ ထင်ပါတယ်”ဟု သူက ဆက်ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့က ကဆုန့်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး အတွက် ပြည်နယ်အစိုးရဝန်ကြီးချုပ် အပါအဝင် အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲရေးမှု ဌာနချုပ်(စကခ)မှ အရာရှိများနှင့် ဘာသာရေးခေါင်းဆောင်များ၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)တို့ တွေ့ဆုံဆွေးနွေးစဉ် တပ်မတော်ဘက်က မပခ တိုင်းမှူး ကိုယ်စား တပ်မတော် စစ်ကြောင်းများလည်း မရှိတော့သဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ကြောင်း ပြောဆိုခဲ့သဖြင့် ကဆုန့်ရွာသားများ နေရပ်ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။

နမ္မတီးမြို့မှ ၃ မိုင်းအကွာ ကချင်နှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်တဲ့ ညောင်တောကျေးရွာထိပ် နမ္မတီးမှ ကဆုန့်သွားရာ ကားလမ်းပေါ်တွင် တပ်မတော်ဘက်မှ အင်အား ၅၀ ခန့် ဂိတ်ချထားကြောင်း ကျေးရွာသားများ သွားလာရေးတွင် လုံခြံုမှု နမ္မတီး လမ်းခွကျေးရွာမှ စစ်ဘေးရှောင်များကို ကူညီခဲ့သူ ဦးလဂျာက ပြောသည်။

၁၂ ရက်ကြာ စစ်ဘေးရှောင် ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင် ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ သြဂုတ်လ ၂၂ ရက်နေ့ နေရပ်သို့ ရောက်ရှိလာပြီးနောက် မိမိတို့ ကျေးရွာ အန္တရယ်ကင်းရေးနှင့်   နေရပ်ပြန်နိုင်ခြင်း ကျေးဇူးတော် ချီးမွမ်း ဆုတောင်းပွဲကို သြဂုတ်လ ၂၅ ရက်နေ့ ကဆုန့်ကျေးရွာ အလယ်တန်းကျောင်းရှိ ဟောခန်းတွင် ကျင်းပခဲ့သည်။

“ရွာသွားတွေက သူတို့ ရွာမှာ တိုက်ပွဲတွေဖြစ်၊ ဘုရားကျောင်း ထဲမှာလည်း တပ်က ပစ်ခတ်တာတွေ ရှိခဲ့တယ်။ အဲဒီအတွက် နောက်နောင်ဒီလိုမဖြစ်ဖို့ ကျေးရွာ အန္တရာယ်ကင်းဖို့နဲ့ သူတို့ရွာ ပြန်နေရလို့ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းဆုတောင်းပွဲ လုပ်တာပါ။ ဆုတောင်းပွဲမှာ ရွာသားတွေ ပြောတာက ဘယ်တော့ ပြန်တိုက်လာမလဲ။ ဘယ်တော့ ပြန်ထွက်ပြေးရ မလဲဆိုပြီး အရမ်းကြောက်နေကြတယ်။ အဲဒီအတွက် ဆုတောင်းပေးဖို့ ပြောကြတယ်”ဟု ဆုတောင်းပွဲ တက်ရောက်ခဲ့သူ နမ္မတီးမှ စစ်ဘေးရှောင်များကို ကူညီခဲ့သူ ဦးလဂျာက ပြောသည်။

ကဆုန့်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ရွာမှ ထွက်ပြေးခဲ့ရသဖြင့် ကျေးရွာသားများသည် ယနေ့ထိ ထိတ်လန့်နေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

ထိုဆုတောင်းပွဲသို့ မြစ်ကြီးနားမြို့မှ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)၊ နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)နှင့် ကက်သလစ် အသင်းတော်တို့မှ ဘာသာရေးခေါင်းဆောင်များ၊ ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required