အစ္စကိုနှင့် ဘန်ဇီမာတို့အပါအဝင် အဓိက ကစားသမား (၆)ဦးကို ရီးယဲလ် သက်တမ်တိုး စာချုပ်မည်

အစ္စကိုနှင့် ဘန်ဇီမာတို့အပါအဝင် အဓိက ကစားသမား (၆)ဦးကို ရီးယဲလ် သက်တမ်တိုး စာချုပ်မည်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်ဟာ ဥရောပမှာ ဆက်လက် ကြီးစိုးမိုးစေဖို့ ကြိုးပမ်းမှုအဖြစ် ၎င်းတို့အသင်းရဲ့ အဓိက ကစားသမား ၆ ဦးအား သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဒီတပတ်မှာ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

ဘန်ဇီမာ၊ အစ္စကို၊ မာကို့ အဆန်စီယို၊ မာဆယ်လို၊ ကာဗာဟယ်လ်နှင့် ဗရန်းတို့အားလုံးကို လာလီဂါနှင့် ချန်ပီယံလိဂ်တို့ရဲ့ ချန်ပီယံအသင်းမှာ ဆက်ရှိစေရန် စာချုပ်သက်တမ်းတိုးသွားမှာဖြစ်ပါတယ်။

ရီးယဲလ်အသင်းရဲ့ လူစာရင်းဟာ တည်ငြိမ် အနေအထားမှာ ရှိနေပေမယ့် ၎င်းရဲ့ ပြိုင်ဘက် ဘာစီလိုနာအသင်းဟာ နေမာရဲ့ ထွက်ခွာမှု နောက်ပိုင်း အသင်းမှာ ရုန်းကန်နေရပါတယ်။

ဘန်ဇီမာရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၁၉ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တယ်လို့ မာကာသတင်းအရ သိရပြီး ဒါပေမယ့် ဒီစာချုပ်ကို ၂ နှစ် ထပ်မံ သက်တမ်းတိုးမှာဖြစ်ပါတယ်။

အစ္စကိုဟာ ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပါအဝင် ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြ ကစားနိုင်ပြီးနောက် ရီးယဲလ်က စာချုပ်သက်တမ်းတိုးရန် လုပ်ဆောင်လာတာဖြစ်ပါတယ်။ ၎င်းရဲ့ လက်ရှိ စာချုပ်သက်တမ်းမှာ ၂ နှစ်သာ ကျန်ရှိတော့ရာ ရီးယဲလ်အသင်းက ၂၀၂၁ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုကာ စာချုပ်လျော်ကြေးကိုလည်း ပေါင် သန်း ၆၅၀ ဖြင့် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် လူငယ်ကြယ်ပွင့် အဆန်စီယိုဟာ ပြီးခဲ့တဲ့နှစ်က သက်တမ်းတိုးဖို့သာ သဘောတူညီခဲ့ပေမယ့် ရီးယဲလ်အသင်းက ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်မှူး နေမာအား မစွန့်လွှတ်လိုပေမယ့် လက်လွှတ်ခဲ့ရတာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းက အလားတူ အခြေအနေမျိုးကို ရှောင်ရှားလိုတဲ့အတွက် အခုလို စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးစပ်နေတဲ့ ကစားသမားအားလုံးကို ကြိုတင် သက်တမ်းတိုးခြင်းနှင့် စာချုပ်လျော်ကြေးများ မြှင့်တင်ခြင်းများကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ကာဗာဟယ်လ်၊ ဗရန်းနှင့် မာဆယ်လိုတို့ကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ဘရာဇီးဘယ်နောက်ခံကစားသမားဟာ ၂၀၂၂ ရောက်ချိန်မှာ အသက် ၃၄ နှစ်ရှိပါလိမ့်မယ်။

အခြားနာမည်ကြီး ကစားသမားများဖြစ်တဲ့ စီရော်နယ်လ်ဒို၊ ဂါရတ်ဘေးလ်၊ တိုနီကရူးစ်နှင့် မိုဒရစ်တို့ကိုမူ ပြီးခဲ့တဲ့ ရာသီက ၎င်းတို့ရဲ့ စာချုပ်များကို သက်တမ်းတိုးခဲ့ပါတယ်။

နည်းပြ ဇီဒန်းကိုလည်း ၂၀၂၀ အထိ သက်တမ်းတိုးမယ်လို့ အတည်ပြုခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required