သတ်မှတ်စည်းကမ်းနှင့် မညီသော အသံချဲ့စက်ဖွင့်သူများကို တရားစွဲနိုင်မည်

သတ်မှတ်စည်းကမ်းနှင့် မညီသော အသံချဲ့စက်ဖွင့်သူများကို တရားစွဲနိုင်မည်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

နေပြည်တော် ၊ သြဂုတ် ၂၄ ။             ။ အသံချဲ့စက်ဖွင့်ခြင်းနှင့် ပတ်သက်ပြီး ရပ်ကွက်သို့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ (၁၄) ပုဒ်မခွဲ(ဂ)ပါ ပြဌာန်းထားရှိထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာတရားရုံးများတွင် တရားစွဲဆိုနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

ယနေ့ သြဂုတ်လ၂၄ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းဝေးတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်စိုးက “အသံချဲ့စက် ဖွင့်လှစ်ခွင့်ရရှိသူဟာ အများပြည်သူ အနှောင့်အယှက် မဖြစ်စေရေးအတွက် ခွင့်ပြုသည့် ဥပစာအတွင်း အများပြည်သူ ကြားသိရုံသာ ဖွင့်လှစ်ခြင်း၊ ယေဘူယျအားဖြင့် အသံဖိအားကို ကျင်းပသည့် အခမ်းအနားပေါ်မူတည်ပြီး Sound Level သတ်မှတ်ထိန်းချုပ်ဖွင့်လှစ်ရန်နှင့် အသံချဲ့စက်ဖွင့်ရန် သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခြင်းမပြုပါက ဥပဒေပုဒ်မ (၂၇)ဖြင့် သက်ဆိုင်ရာ တရားရုံးများမှာ တရားစွဲတင်ဆောင်ရွက်နိုင်သည်”ဟု ပြောသည်။

အသံချဲ့စက်များဖွင့်ရာတွင် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျပ် ၅၀၀၀ ထက် မပိုသော ငွေချမှတ်ရမည် ဖြစ်ပြီး ၊ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက  ရ ရက်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည်ဟု အဆိုပါ ဥပဒေပုဒ်မတွင် ပြဌာန်းထားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေတင်၏ မွန်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ် အတော်များများတွင် (ရှစ်လုံးတပ် လော်စပီကာ Loud Speaker) နှင့် တွဲလျက် (Sound Box)အလုံးကြီးများ စည်းကမ်းမဲ့စွာ အလွန်အကျွံ ဖွင့်လှစ်အသုံးပြုလာခြင်း သည် ပြည်သူတိုင်း ကိုယ်စိတ်ကျန်းမာရေးကို အထူးထိခိုက်စေသည့် လုပ်ဆောင်ချက်များဖြစ်သဖြင့် ထိရောက်စွာ ကန့်သတ်တားမြစ် ထိန်းကွပ်သွားမည့် ဥပဒေ ထုန်ပြန်ရန် အစီစဉ် ရှိ/မရှိနှင့် ပတ်သတ်သည့် မေးခွန်း အပေါ်တွင် ဗိုလ်ချုပ်အောင်စိုးက ပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စား ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အသံချဲ့စက် ဖွင့်ခွင့်ရယူလိုသည့် သူများသည် ရက်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးဒ ဥပဒေ (၁၈) အရ ဖွင့်လှစ်ရန် ခွင့်ပြုမိန့်ရယူ သွားရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

ထို့ကြောင့် အသံချဲ့စက် ဖွင့်လှစ်မည်ဆိုပါက “ ရပ်ကွက် သို့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ ပုဒ်မ (၁၄) ပုဒ်မခွဲ (ဂ) အရ အသံချဲ့စက် ဖွင့်လှစ်မယ့် ကာယကံရှင်က ဖြစ်စေ အဖွဲ့ အစည်းက ဖြစ်စေ အသံချဲ့စက် ငှားရမ်းသူ ပိုင်ရှင်ကဖြစ်စေ အကျိုးအကြောင်းနှင့် အသံချဲ့စက် ဖွင့်လိုသည့် ရက်နှင့် အချိန်ကို ဖော်ပြပြီး အနည်းဆုံးသုံးရက်ကြိုတင်ပြီး ရပ်ကွက ်သို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် လျှောက်ထားရမည်” ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly