အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး ပါမောက္ခဦးချစ်စိုး နှင့်တွေ့ဆုံခြင်း အပိုင်း(၂)

အရိုး၊ အကြော၊ အဆစ် အထူးကုဆရာဝန်ကြီး ပါမောက္ခဦးချစ်စိုး နှင့်တွေ့ဆုံခြင်း အပိုင်း(၂)

 

မဇ္စျိမ - အခုတစ်ခါ မေးလာတဲ့သူကတော့ Hla Moe လို့ ဆိုပါတယ်ခင်ဗျ။ မင်္ဂလာပါတဲ့ ညာဘက်လက်သန်း ထုံပြီး ကျင်နေလို့ပါတဲ့။ တစ်ပတ်လောက်ရှိပါပြီ ဆေးလိပ်မသောက်ပါ ဆီးချိုတော့ အနည်းငယ်ရှိပါသည် ကျောက်ကပ်လည်း အနည်းငယ် အားနည်းနေသည်ဟု ထင်ပါသည်တဲ့ ဆရာကြီးရဲ့ သုံးသပ်စကားကို ကြားလိုပါတယ်တဲ့ ဆရာကြီး နည်းနည်းလောက် ပြောပေးပါဦး။

Prof: Chit Soe - ဒီမှာလည်း ဖြစ်နိုင်ချေကတော့ ခုနကပြောတဲ့ သုံးခု ပြန်လာတာပေါ့လေ။ သွေးကြောလား၊ အာရုံကြောလား ဒါမှမဟုတ်လို့ရှိရင်လည်း ကိုယ့်ရဲ့ မူရင်းဒေသမှာဖြစ်တဲ့ ရောဂါလား အိမ်တွင်းရောဂါ လားပေါ့လေ။ အဲ့တော့ လက်က ထုံတယ်ဆိုတာက ပထမဖြေခဲ့သလိုပဲ လည်ပင်းကျီးပေါင်း ရောဂါပဲ။ လည်ပင်းကျီးပေါင်းရောဂါကလည်း လက်ကအကြောကလည်း ဦးနှောက်ကနေတစ်ဆင့် လက်ကိုလာတယ်ဆိုတော့ လည်ပင်းကျီးပေါင်းတက်လာပြီး အချွန်က ထောက်လာပြီဆိုရင် လက်ဖျားတွေက ထုံတယ် ကျင်တယ်။ တချို့ဆိုလို့ရှိရင် လှုပ်လို့တောင်မရဘူး   ဖြစ်တာပေါ့။ အဲတော့ ဒါကိုလည်း စဉ်းစားဖို့လိုတယ်။ အဲဒါကတော့ လည်ပင်းကို ဓာတ်မှန်ရိုက်ကြည့်ရင် သိနိုင်တာပေါ့နော်။ နောက်တစ်ခု ဖြစ်တတ်တာကတော့ သူကလည်း သိလို့ဖြစ်ပါလိမ့်မယ်။   ဆေးလိပ်လည်း မသောက်ဘူးလို့ ပြောထားတော့ ဆေးလိပ်သောက်တဲ့လူတွေမှာ ဆေးလိပ်ရဲ့သဘောကတော့ သွေးကြောတွေကို ကျဉ်းသွားစေတယ်။ ကျဉ်းသွားတဲ့အခါကျတော့ လက်ကိုသွားတဲ့ အာရုံကြောရှိတယ်။ အာရုံကြောက ဦးနှောက်ကနေ လာတဲ့အခါမှာ သူ့ကို အာဟာရ မြန်မြန်ရနေမှ အလုပ်လုပ်တာလေ။ အာရုံကြောကို လိုက်ပြီးတော့မှ ရိက္ခာထောက်ရတဲ့ အကြောလေးတွေရှိတယ် အဲဒီ သွေးကြောလေးတွေက ပိတ်သွားလို့ရှိရင် အာရုံကြောက ကောင်းနေပေမယ့် သူက အလုပ်မလုပ်တော့ဘူး။ ဘာနဲ့တူလဲဆိုတော့ သူက ဓါတ်ကြိုးတွေက အပေါ်က ကာဗာလေးရှိတယ်။ အဲဒီကာဗာလေး ပေါက်နေလို့ရှိရင် ရှောခ့်ဖြစ်ပြီးတော့ အဲဒီဓာတ်ကြိုးက အလုပ်မလုပ်တော့ဘူးပေါ့။ အဲလိုပဲ ဒီအာရုံကြောကို အာဟာရပို့မယ့်   သွေးကြောလေးတွေက   ဆေးလိပ်သောက်လို့ရှိရင် ပိတ်သွားတတ်တယ်။ ပိတ်သွားရင် အာရုံကြောတွေက အလုပ်မလုပ်ဘူး။ အလုပ်မလုပ်ရင်လည်း သူက ထုံတာကျင်တာ ဖြစ်လာတယ်။ ဒါကလည်း ဒုတိယတစ်မျိုး   ဖြစ်တတ်ပါတယ်။   နောက်တစ်ခုက ကျတော့ ဒီအာရုံကြောကိုပဲ ဦးနှောက်က လာတာမဟုတ်ဘဲနဲ့ ဒီနေရာမှာတင်ပဲ ပျက်စီးသွားတာ။ ပျက်စီးသွားတဲ့ အကြောင်းတွေကတော့ တခါတလေကျတော့ ဖိပြီးတော့ ထိုင်မိတယ်ပေ့ါ။ တချို့ ဖြစ်တတ်တာကတော့ တရားအားထုတ်တဲ့အခါမျိုး တစ်နာရီလောက် ဖိပြီးတော့ ငြိမ်ငြိမ်လေး နေလိုက်တယ်။ အဲဒီအချိန်မှာ အာရုံကြောကို လာဖိမိတယ်။ ဂျိုင်းကြားမှာလည်း ဖိမိတယ်။ နိုင်ငံခြားမှာဆိုရင် ဘာရှိလဲဆိုတော့ စနေနေ့ည အာရုံကြောရောဂါလို့ ခေါ်တယ်။ ခုံပေါ်မှာ လက်ကို အနောက်ကိုပစ်ပြီးတော့မှ အိပ်ပျော်သွားတယ်ပေါ့။ အိပ်ပျော်သွားလို့ရှိရင် တံတောင်ဆစ်မှာရှိတဲ့ အာရုံကြောကို ဖိမိလို့ရှိရင် မနက်ကျရင် ထုံနေရော။ ကြာကြာ ခနခနဖြစ်လို့ရှိရင် လက်သန်း အာရုံကြောက ပျက်စီးသွားပြီးတော့ ထုံသွားတာပေါ့နော်။ အဲ့တော့ ကိုယ့်ရဲ့ ဒေသအတွင်းမှာဖြစ်တဲ့ ပြဿနာပေါ့။ ဒါမျိုးလည်း ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ အစားအသောက်တွေ စားတဲ့အခါမှာ ဆိုးဆေးတွေပါတာတို့ ဓါတုပစ္စည်းတွေ ပါတာတို့ တစ်ခါတစ်လေကျတော့ နယ်မှာတွေကျလို့ရှိရင် သောက်ရေမှာလည်း ပါတယ်။ သောက်ရေမှာ အာဆင်းနစ်ဓာတ်တွေ ပါတာတွေရှိတယ်။ ဒါတွေက နိုင်ငံခြားမှာတော့ ရေကို စစ်ဆေးကြည့်လိုက်ရင် ရေရဲ့ အရည်အသွေးပေါ်တာပေါ့။ အဲ့တော့ အရည်အသွေးမကောင်းတဲ့ရေတွေကို သောက်မိလို့ရှိရင် ကြာလာလို့ရှိရင် အာရုံကြောတွေ ထုံလာသလို ဖြစ်တတ်တယ်။ တစ်ခါတစ်လေကျတော့ ပိုးသတ်ဆေးတွေ စားတယ်။ ပိုးသတ်ဆေးကိုတော့ ဘယ်သူမှ ရည်ရွယ်ချက်နဲ့ စားမှာတော့မဟုတ်ဘူး။ သေချင်တဲ့သူကလွဲရင်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့က နေ့တိုင်းစားတယ်။ ဘာတွေစားလဲဆိုတော့ ပန်းသီးလေး ကောင်းတယ်ဆိုရင် ဝယ်စားလိုက်တယ်။ ပိုးသတ်ဆေးပါလာတယ်။ အဲ့တော့ သစ်သီးဝလံတွေကို သူတို့က ခြမစားအောင် ပိုးသတ်ဆေးတွေ ဖျန်းထားတယ်။ အဲ့တော့ စားသုံးသူတွေအနေနဲ့က ဒါတွေကို နည်းနည်းနဲ့ ဒါတွေကို စားမိတယ်။ အဲဒီပိုးသတ်ဆေးတွေက အာရုံကြောကို လာထိပြီးတော့ လက်တွေ ခြေထောက်တွေက ထုံလာတယ်ပေါ့။ ဘာအကြောင်းမှမရှိဘဲနဲ့ လက်တွေ ခြေထောက်တွေ ထုံလာတယ်ဆိုရင် ဒါ ဓာတုပစ္စည်းတွေကြောင့်လည်း ဖြစ်တတ်တယ်။ စားသုံးတဲ့ အစားအသောက်တွေ မသန့်ရှင်းမှုကြောင့် ဖြစ်တတ်တယ်။ ဒါလည်း စဉ်းစားကြည့်ရတာပေါ့။ နောက်တစ်ခုကတော့ အရိုး၊ အကြော၊ အဆစ်ရောဂါပေါ့ အဲဒါတွေကလည်း ဒီလိုမျိုး ထုံတာ ကျင်တာတွေကနေ စပြီးတော့ ဖြစ်တာတွေရှိတယ်။ အရိုး၊ အကြော၊ အဆစ်ရောဂါမှာ ခုနကပြောသလို သွေးကြောတွေက ရောင်တဲ့ရောဂါရှိတယ်။ သွေးကြောရောင်တဲ့ရောဂါက အထူးသဖြင့် ယောကျ်ားလေးတွေမှာ ဖြစ်တတ်တယ်။ အဲဒါက သွေးကြောများ ဖုထွက် ရောင်ရမ်းတဲ့ ရောဂါပေါ့။ အဲလို သွေးကြောတွေက ရောင်လို့ရှိရင် ဆေးလိပ်သောက်လို့ရှိရင်တော့ ဆေးလိပ်ကြောင့် သူက သွေးကြောကျဉ်းသွားတာ။ သူကတော့ မဟုတ်ဘူး ခန္ဓာကိုယ်ရဲ့ အရိုး၊ အကြော၊ အဆစ်ရောဂါကြောင့်ကို သွေးကြောတွေက ရောင်ပြီးတော့ ကျဉ်းသွားတာ။ ခုနက ခေါင်းကိုက်သလိုပေါ့နော်။ ခေါင်းသွေးကြောကျဉ်းသွားတယ်။ အဲ့လိုပဲ လက်ကိုသွားတဲ့ သွေးကြောက ကျဉ်းသွားတယ်။ ကျဉ်းသွားရင် လက်ရဲ့အာရုံကြောတွေက အလုပ်မလုပ်တော့ဘူး။ အဲတော့ လက်က ထုံတာ ကျင်တာတွေလည်း ဖြစ်လာတယ်ပေါ့။ အဲဒါကျတော့ ဆရာတို့က ခန္ဓာကိုယ်ထဲမှာ အရိုး၊ အကြော၊ အဆစ်ရောဂါ အများစုက ဘာဖြစ်လဲဆိုတော့ ကိုယ်ခံဓာတ်တွေ မကောင်းလို့ ဖြစ်တာပေါ့နော်။ ခန္ဓာကိုယ်ထဲမှာ ပြည်တွင်းစစ် ဖြစ်နေတာပေ့ါ။ ပြည်တွင်းစစ် ဖြစ်နေတယ်ဆိုတာက ခန္ဓာကိုယ်ထဲမှာ စစ်သားနဲ့တူတဲ့ သွေးဖြူဥတွေရှိတယ်။ ရိက္ခာပို့တဲ့ သွေးနီဥလေးလည်း ရှိတယ်။ သူကတော့ အောက်စီဂျင်ကို သယ်ပေးတာ။ သွေးဖြူဥကတော့ တိုက်ဖို့ ခိုက်ဖို့ သေနတ်သမားတွေပေါ့နော်။ ဒါပေမယ့် သေနတ်သမားတွေက သူတို့ရဲ့တာဝန်က ဘာလဲဆိုတော့ အပြင်ကရန်သူလာရင် သူက တိုက်ဖို့။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ အရိုးကို သွားတိုက်ရမယ်တို့ သွေးကြောတွေ သွားတိုက်ရမယ်လို့တော့  လုပ်လို့မရဘူး။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ သွေးဖြူတွေက ကိုယ့်ပြည်သူနဲ့ကိုယ် မတည့်တော့ဘူးဖြစ်လာတယ်။ ဖြစ်လာပြီးတော့ အထဲမှာ ပြည်သူကို   နှိပ်စက်တာပေါ့နော်။ အဲဒါက အရိုးအကြောအတွက် ရောဂါတွေပဲ။ အဲဒါ ခုခံမှုဆိုတဲ့ရောဂါဖြစ်တယ်။ ခုခံမှုဆိုတာက အပြင်ကရန်သူ လာရင် တိုက်ရမယ်။ ခုခံမှုက စံလွှဲပြီးတော့ အပြင်ကလူလာရက် မတိုက်ဘူး သူက ငြိမ်ခံနေတယ်။ ခန္ဓာကိုယ်ထဲမှာ နညး်နည်းကြွမယ်ထင်ရင် သူကတိုက်တာ။ အဲလိုမျိုးဖိတယ်။ ပြည်တွင်းကို ပိုဖိတာပေါ့နော်။ အဲဒီရောဂါက အရိုး အကြောအတွက် ရောဂါ။ အရိုး၊ အကြော အဆစ် ရောဂါတွေ ဖြစ်လာလို့ရှိရင် ခုခံအားတွေက ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ခုခံအားတွေ ထွက်လာတယ်။ ဒါက ဘာလဲဆိုတော့ အခြား သေနတ်ကိုင်ထားတဲ့လူတစ်ယောက်ကို သူက လိုက်ပြီးတော့ ပစ်တာ။ အဲတော့ ခုခံဓာတ် အချင်းချင်းတိုက်တဲ့ ခုခံဓာတ်ပေါ့နော်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာ မရှိရမယ့် ခုခံဓာတ်တွေက ထွက်လာတယ်။ အဲလိုဆိုရင် ထုံတာကျင်တာတွေက အရိုး၊ အကြော အဆစ် ရောဂါတွေကြောင့်များလား အရိုး၊ အကြော အဆစ် ကို ဖြစ်စေတဲ့ ခုခံမှု စံလွဲနေတဲ့ ဓာတ်တွေ ရှိနေလားဆိုတာ ရှာကြည့်ရတာပေါ့နော်။

မဇ္စျိမ - ဟုတ်ကဲ့ပါ။ ကျေးဇူးပါ။ ဆရာကြီးပြောသွားတဲ့ ဥပမာတွေက တော်တော်လေး ကောင်းပါတယ်။ နောက်တစ်ယောက်ကို ကျွန်တော် အလှည့်ပေးပါရစေ ခင်ဗျာ။မေးထားသူက   အောင်ဘိုဘိုပါ။ ဆရာကြီးခင်ဗျာ ကျွန်တော်ရဲ့ နောက်ကျောတစ်ခုလုံး ဇာတ်အပါအဝင် အကြောများ တောင့်တင်းပြီး မတ်မတ်ရပ်လို့မရပ်ပါ။ ညအိပ်ရင်လည်း ပက်လက်မအိပ်နိုင်ပါခင်ဗျာ။ ဘယ်လိုမျိုး ကုသသင့်လည်းဆိုတာကို လမ်းညွှန်ပေးပါခင်ဗျာတဲ့။ ဆရာကြီးအနေနဲ့ ဖြေပေးပါဦးခင်ဗျာတဲ့။

Prof: Chit Soe - ဒါကလည်း ဆရာတို့ အရိုး၊ အကြော အဆစ်ရောဂါထဲမှာတော့ ပါတဲ့ရောဂါတစ်ခုပေါ့လေ။ အဲဒါက ဘာရောဂါလဲဆိုတော့ ခါးဆစ်ရောင်လို့ ခေါ်တဲ့ လေးဘက်နာရောဂါတစ်မျိုးပါ။ အကြမ်းဖျင်းတော့ လူတွေမှာ လေးဘက်နာဆိုရင် ကလေးတွေမှာဆို အာသီးရောင်တယ်။ ဒါပေမယ့် တကယ်တမ်းက လေးဘက်နာဆိုလို့ရှိရင် အမျိုး ၅၀ လောက်ရှိပါတယ်။ တချို့လေးဘက်နာတွေက တံတောင်ဆစ်တို့ လက်ကောက်ဝတ်တို့ အဆစ်ကြီးတွေရှိတယ်။ တချို့ လေးဘက်နာကျတော့ လက်ချောင်းလေးတွေတို့ ခြေချောင်းလေးတွေတို့ အဆစ်သေးသေးလေးတွေရှိတယ်။ သူက အငယ်ကြိုက်တဲ့ရောဂါပေါ့။ အငယ်ကြိုက်တဲ့ရောဂါကျတော့ သူက သွေးလေးဘက်နာရောဂါပေါ့။ သွေးလေးဘက်နာဆိုတာ သွေးထဲကကို သူက ထပြီးတော့ သူက အဆစ်တွေကို တိုက်တာ။ ပိုးလေးဘက်နာကျတော့ အပြင်ကလာတဲ့ ပိုးကြောင့် အဆစ်တွေက ရောင်တာ။ တစ်ချို့ကျတော့ အဟုတ်ဘူး အဆစ်ကြီးလည်းမတိုက်ဘူး အဆက်ငယ်လည်း မတိုက်ဘူး သူက အလယ်ကောင်ကို တိုက်တယ်။ အလယ်ကောင်ဆိုတာ ကျောရိုးပေါ့။ အလယ်ကောင်ကြိုက်တဲ့ လေးဘက်နာပေါ့။ သူကကျတော့ ခါးဆစ်ရိုးတွေလည်းနာတယ်။ လည်ပင်းက ဟိုဘက်ဒီဘက် လှုပ်လို့မရဘူး။   ကော့နေရမယ့်ခါးက ခုံးခုံးကြီးဖြစ်သွားတယ်။ ခုံုးခုံးကြီးဖြစ်သွားတော့ အိပ်လိုက်လို့ရှိရင် ခေါင်းထိလို့ရှိရင် ခြေထောက်က လွတ်နေတယ်။ ခြေထောက်ထိလို့ရှိရင် ခေါင်းက လွတ်နေတယ်။ အဲခါကျတော့ ခါးက ပက်လပ်အိပ်လို့မရဘူး ဖြစ်တာပေါ့။ အဲဒါကကျတော့ လေးဘက်နာကြောင့် ခါးတွေ နာလို့ရှိရင် ပက်လက်အိပ်လို့မရဘူးဆိုတဲ့ ရောဂါမျိုး ဖြစ်တတ်တယ်။ ဒါပေမယ့် အဲဒါကလည်း ဖြစ်တော့ဖြစ်တတ်တယ်ပေါ့လေ တစ်ဖက်ကလည်း ကျီးပေါင်းပေါ့ အဖြစ်များတာကတော့ ကျီးပေါင်းက ပိုအဖြစ်များတယ်ပေါ့နော်။ အနေအထိုင်မကောင်းလို့ ထိုင်လို့ရှိရင်လည်း ဆရာတို့ အခုထိုင်သလို နောက်ကျောနဲ့ နောက်မှှီနဲ့ ကပ်ပြီးတော့ ထိုင်ရတယ်။ ဒါပေမယ့် အများအားဖြင့် သာမာန်သူတွေ ထိုင်ရမယ်ဆိုရင် သူက ဇိမ်ရှိအောင်ဆိုပြိးတော့ ဖင်ကို ရှေ့ခိုလိုက်တယ် လူက ခပ်ရှောရှော နေလိုက်တယ်။ အဲမှာ ခါးက မတောင့်တော့ဘူး။ ကွေးသွားတယ်။ အဲကွေးသွားတဲ့အခါကျတော့ ခါးက မတ်နေလို့ရှိရင် ခေါင်းကလည်း မတ်နေလို့ရှိရင် ဒီအလေးချိန်က ခါးပေါ်ကျမယ် ပြီးရင် မြေကြီးထဲကို ရောက်သွားမယ်။ ကျောရိုးက သိပ်ပြီးတော့ အလုပ်မလုပ်ရဘူး။ ကွေးလိုက်ပြီဆိုတာနဲ့ အလေးချိန်က ထောင့်မှန်ကျသွားပြီးတော့ တစ်ဆစ်ချိုးသွားတဲ့အခါမှာ အရိုးကို ဖိချိုးသလို ဖြစ်တာပေါ့နော်။ အဲဒီအချိန်မှာလည်း အရိုးလေးတွေက အပြင်က မသိပေမယ့် အထဲမှာ အက်တာတွေ အနာလေးတွေ ဖြစ်သွားတယ် အဲဒီအနာလေးတွေကို ခုနက စည်ပင်က အလွယ်တကူပဲ ဖာသလို လာဖာတဲ့အခါကျတော့ ဖုတွေထစ်တွေ ဖြစ်လာတယ်။ အဲဒီ ဖုတွေထစ်တွေက ဘေးက ကြွက်သားတွေကို ထောက်တဲ့အခါကျတော့ အရိုးအတတ်ထွက်တယ် အရိုးကျီးပေါင်းတက်တယ် ပြီးလို့ရှိရင် ဘေးက ကြွက်သားတွေကို ထောက်မိတဲ့အခါကျတော့ ခါးနာတာ ဖြစ်တာပေါ့နော်။ အဲဒီအခါကျတော့ သူက လေကျင့်ခန်း ပြန်လုပ်ပေးရတာပေါ့နော်။ ခါးကြီးက တည့်တည့်မနေဘဲနဲ့   ကွေးနေတာ ဖြစ်သွားတာကို ပြန်ဆန့်လာအောင် အနောက်ကကြွက်သားတွေကို သန်အောင် လုပ်ပေးရတယ်။ တိုင်တွေ ယိုင်သွားရင် ဒီဘက်ကနေ ကြိုးနဲ့ ပြန်ဆွဲပေးရသလိုပေါ့။ အနောက်ကကြွက်သားတွေ ခါးကြွက်သားတွေ သန်အောင်လုပ်ပေးရတယ်။ အဲတော့ ကုတင်ပေါ်မှာ ပက်လက်အိပ်ပြီးတော့မှ ခါးကို အပေါ်ကို ကော့တင် ပြန်ချ ကော့တင် ပြန်ချ အဲဒါမျိုးပေါ့။   လေကျင့်ခန်းကို ခါးသန်အောင် လေကျင့်ခန်း လုပ်ပေးရတယ်။ ခြေထောက်ကို အပေါ်မြောက်တင် ပြန်ချတယ် အဲဒီအခါမှာ ခါးကကြွက်သားတွေသန်လာမယ်။ အဲဒါတွေကို Gym မှာ သွားလုပ်လို့လည်း ရတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ဟာလည်း သပ်သပ်ရှိတယ်။ အဲဒီမှာ လည်ပင်းကြွက်သားက နောက်ကြွက်သားသန်အောင် လုပ်တဲ့ လေကျင့်ခန်းက တစ်မျိုး။ ရှေ့ကြွက်သားသန်အောင် လုပ်တဲ့ လေကျင့်ခန်းက တစ်မျိုး။ ခါးကြွက်သားသန်အောင် လုပ်တဲ့ လေးကျင့်ခန်းက တစ်မျိုး၊ ပခုံးနာလို့ရှိရင် ဘယ်လို လေကျင့်ခန်း လုပ်ရမယ်ဆိုတာက သူရဲ့ သဘာဝရဲ့ ဖီဆန်တဲ့ကြောင့် ဖြစ်တာလား သဘာဝအတိုင်း ပြန်ဖြစ်အောင် ဘယ်ကြွက်သားကို ပြန်သန်အောင် လုပ်ပေးရမယ်ဆိုတဲ့ သက်ဆိုင်ရာလေကျင့်ခန်းတွေ ရှိတယ်။ အဲဒါတွေကတော့ ဆရာတို့နဲ့ ပြပြီးလို့ရှိရင် ဆရာတို့က တစ်ခါ လေကျင့်ခန်းဌာနကို ထပ်လွှဲပေးတယ်။ သူကတော့ ခါးနာနေတယ် ခါးနာနေတဲ့အတွက်ကြောင့် ခါးရဲ့ အနောက်ဖက်က ကြွက်သားတွေသန်အောင် လေကျင့်ခန်းတွေ လုပ်ပေးပါဆိုရင် မှန်မှန်လုပ်ပေးတယ်ပေါ့နော်။ အဲဒါဆိုရင်လည်း ခါးနာတာ ပြန်သက်သာသွားတယ်။

မဇ္ဈိမ - ကျေးဇူးတင်ပါတယ်။ ဆရာကြီးကလည်း ပြည့်ပြည့်စုံစုံကို ဖြေကြားပေးတယ်။ နောက်တစ်ယောက်ကို ကျွန်တေ်ာ အလှည့်ပေးပါမယ်။ ဝမ်းဝမ်းတဲ့ သူ့နာမည်က။ သူက မြင်းခြံကပါတဲ့။ နွားလှည်းပေါ်က ပြုတ်ကျတာ ၆ လလောက်ရှိပါပြီ။ အရိုး၊ အကြော အထူးကုနဲ့ ပြတာလဲ ၅ ကြိမ်ရှိပါတယ်။ ဓာတ်မှန်ရိုက်တာ ကျိုးတယ်ပြောပါတယ်။ အခုထိ ခါးရိုးက မပျောက်သေးလို့ နည်းလမ်းကောင်းလေး ပေးစေလိုပါတယ်ရှင့်တဲ့။

Prof: Chit Soe - အဲ့ဒါကတော့ ပြောရမယ်ဆိုရင်တော့ ဆရာတို့လိုင်း မဟုတ်တော့ဘူးပေါ့နော်။ ကားတိုက်လို့ ကျိုးတာတို့ အပေါ်အမြင့်ကနေ ပြုတ်ကျလို့ ကျိုးတာတို့ ကျိုးတာကျတော့ သူက ခွဲရတာတို့ ကြပ်စည်းရတာတို့ ကျောက်ပတ်တီး စည်းရတာတို့ရှိတယ်။ အဲဒါကျတော့ အရိုးခွဲစိပ်ဌာန သပ်သပ်ရှိတယ်။ အဲဒါက ဓါးကိုင်တဲ့အုပ်စုပေါ့။ သူက လိုရင်ခွဲမယ်။ ဒါမှမဟုတ်လို့ရှိရင် ပတ်တီးစည်းမယ် သံချောင်းထည့်ဖို့ လိုမယ်ဆိုရင်လည်း ထည့်မယ်ပေါ့နော်။ အဲဒါကတော့ အရိုးဆရာဝန်နဲ့ ပြတာပေါ့။ ဆရာတို့က အရိုး၊ အကြော အဆစ် သမားပေါ့။ ဟိုဘက်က ခွဲတဲ့အပိုင်းပေါ့။   နှလုံးရောဂါလိုပေါ့။   နှလုံးရောဂါမှာလည်း ဆေးပေးပြီးတော့ ကုရတာရှိတယ် ဒါမှမဟုတ် ခွဲပြီးတော့ ဖာရတာတို့ရှိတယ်။ နှလုံးခွဲစိပ်ဆရာဝန်နဲ့ နှလုံးဆရာရှိသလိုပဲ အရိုး၊ အကြော အဆစ် ဆရာဝန်တွေမှာလည်း အရိုး၊ အကြော အဆစ်ရောဂါတွေကို ကုတဲ့အခါမှာ ဆေးဝါးနဲ့ ကုသတဲ့ သမားတော်တွေရှိတယ်။ ခွဲစိတ်ပြီးကုတဲ့ ခွဲစိပ်ဆရာဝန်အပိုင်းဆိုတာရှိတယ်။ ကားတိုက်လို့ ကျိုးတာတို့ အပေါ်အမြင့်ကနေ ပြုတ်ကျလို့ ကျိုးတာတို့က အရိုးခွဲစိပ်ပိုင်းနဲ့ ဆိုင်တယ်။ အဲဒီဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း လုပ်လို့ရှိရင်တော့ အဆင်ပြေမှာပါ။ အရိုးကျိုးတယ်ဆိုတော့ ဒီလိုပဲ ကြာတတ်ပါတယ်။ ၆ လလောက်တော့ ကြာတတ်တယ်ဆိုတော့ ပုံမှန်အားဖြင့် ကောင်းဖို့ဆိုရင်တော့ အချိန်တော့ စောင့်ရတယ်ပေါ့နော်။

မဇ္ဈိမ - ပြည့်စုံလုံလောက်တဲ့ အဖြေဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ယောက်ကတော့ ဒေါ်မြင့်မြင့်ဝင်းဆိုတဲ့ တစ်ယောက်ပါ။ သူက ဘာမေးထားလဲဆိုတော့ ဆရာကြီးရှင့်တဲ့ ကျမ လက်နှစ်ဘက်လုံး အပေါ်ကို မမြောက်နိုင်တာ တစ်နှစ်လောက်ရှိပါပြီ။ တစ်ဖက်ပြီးတစ်ဖက် မြောက်ရင် အရမ်းနာပါတယ်ရှင့်တဲ့ ကျေးဇူးပြု၍ ဆရာကြီးအနေနဲ့ နည်းလမ်းလေးရှိရင် ပေးပါဦးတဲ့။

Prof: Chit Soe - ဒီလိုလူနာတွေကတော့ နေ့တိုင်းလိုလို တွေ့ရတဲ့ လူနာတွေပါပဲ။ လက်က မြှောက်လိုက်လို့ရှိရင် မရဘူး။ ပုံမှန်အားဖြင့်တော့ ပခုံးထဲမှာ ပြဿနာဖြစ်တာပေါ့နော်။ ပခုံးထဲမှာ ပြဿနာရှိတဲ့အခါကျတော့ အများဆုံးကတော့ ပခုံးခဲရောဂါလို့ ခေါ်တာပေါ့။ ပခုံးထဲမှာ ခဲသွားတာပေါ့။ သူကလည်း ကျီးပေါင်းတစ်မျိုးပါပဲ။ ကျီးပေါင်းဆိုတာက သူက ဒူးမှာဖြစ်ရင် ဒူးကျီးပေါင်း  လှေခါးတက်လို့ မရဘူး။ ခါးမှာဖြစ်တော့ ခါးကျီးပေါင်းဆိုပြီးတော့ လမး်လျှောက်ရင် နာတယ်။ လည်ပင်းမှာဖြစ်တော့ လည်ပင်းကျီးပေါင်းဆိုပြီးတော့ လက်တွေက ကျင်တာတို့ ဇာတ်ကြောတက်တာတို့ ဖြစ်တာပေါ့။ ပခုံးထဲမှာ ဖြစ်တဲ့အခါကျတော့ ပခုံးခဲတာပေါ့။ သူကျတော့ လက်က အပေါ်ကို မြောက်လို့မရဘူးပေါ့။ ဒီ အောက်မှာတင် လှုပ်နေရင်တော့ ရတယ်။ အပေါ်မြောက်လိုက်တာနဲ့ နာလာတယ်ပေါ့။ အဲလိုမျိုး တစ်ဖက်က စဖြစ်တယ် နောက်တစ်ဖက်က လိုက်လာတယ်ပေါ့။ အဲတော့ ဖြစ်တတ်တဲ့အကြောင်းအရင်းကလည်း စဖြစ်တာကတော့ အရွတ်လေးတွေက ရောင်တာ အရွတ်လေးတွေက ရောင်ပြီးတော့ အဲဒီမှာ ကျောက်တည်တယ်။ အဲဒီလို ကျောက်တည်ပြီးတော့ အမှုန်လေးတွေက အဆစ်ထဲကို ကျသွားတဲ့အခါကျတော့ အဆစ်တစ်ခုလုံးက ရောင်လာတယ်။ ရောင်လာပြီးတော့ ခုနက ကျီးပေါင်းတက်တဲ့အဆင့်ကို ရောက်သွားတာပေါ့။ အဲတော့ သူ့ကို လုပ်ပေးရမှာက ပခုံးက မြောက်မရဘူးဆိုရင်   ကောင်းတဲ့ဘက်ကနေပြီးတော့မှ ကိုင်ပြီးတော့ မြောက်ပေးရတာပေါ့။ အဲတော့မှ သူ့ကို ဆွဲဆန့်ပေးတဲ့အခါမှာ ကြွက်သားတွေက ပြန်ဆန့်လာတာပေါ့။

အဲတော့ ကြွက်သားတွေသန်အောင် လေကျင့်ခန်းလုပ်ပြီးတော့ ဆေးခန်းမှာ ပြရင်လည်း ဖြစ်ပါတယ်။ ကိုယ့်ဘာသာ လုပ်မယ်ဆိုရင်တော့ နာတဲ့ဘက်ကို ရှေ့ကိုဆန့် ကျန်တဲ့လက်တစ်ဖက်ကကိုင် ကိုင်ပြီးတော့ အတွင်းဘက်ကို ဆွဲရတယ်။ ရသလောက်ဆွဲ ဆွဲပြီးလို့ရှိရင် ၁၊ ၂၊ ၃၊ ၄၊ ၅ ဆိုပြီးတော့ ပြန်လျော့ အဲဒါဆိုရင် တစ်ခါပေါ့နော်။ အဲ့ဒါမျိုးကို အခါ ၂၀ ဆွဲပေးရမယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ ဆရာတို့က သဘက်လေးကို ကိုင်ပြီးတော့ ည ရေချိုးပြီးရင် ကောင်းတဲ့ဘက်ကနေ သဘက်ကို နောက်ကျောကို ချလိုက်တယ် နောက်လက်ကနေ လှမ်းကိုင်တယ် နောက်ပြီး ကောင်းတဲ့ဘက်က အပေါ်ကို ဆွဲတင်လို့ရှိရင် တဖြည်းဖြည်းနဲ့ အပေါ်ကို ရောက်သွားတာပေါ့နော်။ ပထမတုန်းက တင်ပါးလောက်ပဲရောက်တဲ့ လက်က တဖြည်းဖြည်းနဲ့ ကျောလယ်လောက် ပြီးရင် အပေါ်လောက်ထိရောက်အောင်   မြောက်နိုင်သွားတယ်ပေါ့။ အဲဒါက လက်ရဲ့လှုပ်ရှားမှုကို လေ့ကျင့်ခန်း လုပ်ပေးရတာပေါ့။ နောက်တစ်ခုကတော့ နံရံပေါ်ကို လက်နဲ့တက်တယ်လို့ ခေါ်တာပေါ့နော်။ နံရံတစ်ခုအပေါ်မှာ လက်က   ထောက်ပြီးတော့မှ လက်ကို တဖြည်းဖြည်းနဲ့ မြှောက်တင်ရတယ်။ ပထမအကြိမ်မှာတော့ လက်ကို တစ်တန်းတည်းလောက်ပဲ ရမယ်။ နောက်တစ်ရက်လောက်ကျတော့ လက်ကို နည်းနည်း ထပ်တက်လိုက်လို့ရှိရင် ရတယ်။ တဖြည်းဖြည်းနဲ့ နောက်ဆုံး အပေါ်ကို မြောက်နိုင်တဲ့အဆင့်ထိ ရောက်သွားမယ်ပေါ့။ အဲ့တော့ ဒီအတိုင်းမြှောက်ဆိုရင် မြှောက်လို့မရဘူး နံရံကို အခြေပြုပြီးတော့မှ နံရံပေါ်မှာ လက်ကလေးနဲ့ သွားပြီးတော့ တက်တဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ အပေါ်ထိ ရောက်လာတာပေါ့နော်။ အဲ့တော့ လေ့ကျင့်ခန်းတွေ လုပ်ပေးရတယ်ပေါ့။ အဲလိုမှ မရဘူး တစ်လလောက် လုပ်တာတောင်မှ နာတုန်းပဲဆိုရင်တော့ အဲဒီ ပခုံးထဲကို ဆရာတို့က ဆေးထိုးလို့ရတယ်။ အဲလိုဆိုရင် ခုနက ခဲနေတဲ့ဟာက အရည်ပျော်သွားပြီးတော့ ပြန်မြှောက်နိုင်သွားမယ်။ ဒါတွေကတော့ အတွေ့များပါတယ်။ ကုလိုက်လို့ရှိရင်လည်း သုံးလလောက်ဆိုရင် ပျောက်သွားတာ များတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အဲတော ့ဆရာကြီး ဖြေသွားပေးတာလည်း   တော်တော်လေး ပြည့်စုံမယ်လို့   မျှော်လင့်ပါတယ်။   လေကျင့်ခန်းလုပ်ပုံကိုလည်း   သေသေချာချာ ပြောပြသွားတဲ့အတွက် ဒါကလည်း အင်မတန်မှ အသုံးဝင်တဲ့ လေ့ကျင့်ခန်းလို့ ကျွန်တော် ယူဆပါတယ်ခင်ဗျ။

အရိုး၊ အကြော၊ အဆစ် အထူးကု ဆရာဝန်ကြီး ပါမောက္ခဦးချစ်စိုးနဲ့ တိုက်ရိုက်မေးမြန်း ဖြေကြားခဲ့တာတွေကို အပိုင်း ၂ အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျ။ ဆက်လက်ပြီးတော့လည်း ကျန်ရှိနေသေးတဲ့ အပိုင်း (၃) နဲ့ (၄) ကို ထုတ်လွှင့်ပေးပါဦးမယ်။

အပိုင်း(၁) ကြည့်ရှု့ရန် - http://www.mizzimaburmese.com/article/31111

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required