မကွေးတိုင်းအတွင်း ရေနံမြေအသစ်တစ်ခုနှင့် အလားအလာကောင်းသော သတ္တုသိုက် တွေ့ရှိ

မကွေးတိုင်းအတွင်း ရေနံမြေအသစ်တစ်ခုနှင့် အလားအလာကောင်းသော သတ္တုသိုက် တွေ့ရှိ
သတ္တု နမူနာအား တွေ့ရစဉ်။ ဓာတ်ပုံ-တင်ရွှေ

မကွေး၊ သြဂုတ် ၂၄ ။          ။ မကွေးတိုင်းဒေသကြီးတွင် အလားအလာကောင်းသော သတ္တုသိုက်တစ်ခုနှင့် အလျားမိုင်၂၀ ခန့်နဲ့ အနံ ၃ မိုင်ခန့် ရေနံမြေတစ်ခု ရှာဖွေတွေ့ရှိထားကြောင်း မကွေးတိုင်​းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သြဂုတ်လ ၂၃ ရက်က အင်​တာနက်​အွန်​လိုင်​း ဗီဒီယိုဆွေးနွေးမှုမှ သိရသည်။

ယမန်နေ့ သြဂုတ်လ ၂၃ရက်က မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းမှ အစိုးရအဖွဲ့များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အွန်လိုင်း ဗီဒီယိုကနေ အမေးအဖြေ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်နှင့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် အကြားတွင် အလာအလာအလွန်ကောင်းသည့် သတ္ထုရတနာသိုက်တစ်ခုကို တွေရှိခဲ့ပြီး မင်းဘူးမြို့ မန်းရေနံမြေနှင့် ထောက်ရှာပင် ကမ်းနီရေနံမြေတစ်လျောက် အလျားမိုင်၂၀ ခန့်နဲ့ အနံ ၃ မိုင်ခန့် ရေနံမြေတစ်ခု တွေ့ရှိထားခြင်း ဖြစ်သည်။

အဆိုပါတွေ့ရှိချက်များအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မြေပြင်အနေအထားအား ကွင်းဆင်း စစ်ဆေးလေ့လာကာ အမြန်ဆုံးဆောင်ရွက်ရန် လုပ်ဆောင်နေပြီး တွေ့ရှိရသော သတ္တုသိုက်မှာ အလားအလာကောင်းကြောင်း မကွေးတိုင်​းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုက ပြောသည်။

“အဲဒီတောင်မှာက အင်မတန်ကို အလားအလာကောင်းမယ့် သတ္တုကြောလို့ ယူဆရပါတယ်။ အဲဒီတောင်ကတွေ့တဲ့ ကျောက်တုံးက ကြည့်လိုက်တာနဲ့ကို သတ္တုတွေပါတယ်ဆိုတာ အရမ်းသိသာ တယ်။ အဲဒါကိုလည်း လိုအပ်သလို သုတေသနပြုဖို့ ပြည်ထောင်စုကို တင်ပြထားတယ်” ဟု မကွေးတိုင်​းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​အောင်​မိုးညိုက ပြောသည်။

လက်ရှိတွင် သတ္တုသိုက်တွေ့ရှိမှုမှာ မည်သည့်သတ္တုအမျိုးအစားဟု မသိရသေးဘဲ သုတေသနလုပ်ရန် ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါတွေ့ဆုံစကားပြောမှုမှ မကွေးတိုင်းဒေသကြီးအစိုးရက အချက် ၅ ချက် တင်ပြခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများအား သက်ဆိုင်ရာများက ပြန်လည်စွန့်လွှတ်ရန် ကြန့်ကြာမှုများရှိနေသည့်အပေါ် အမြန်ဆုံးဆောင်ရွက်ပေးရေး၊ မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးလက်တောရွာများအနီး၌ တောင်သူ အသုံးပြုယာဉ်များအတွက် အသေးစားပန့်သုံး ဓာတ်ဆီဆိုင်များ ထားရှိ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ ထံက  ပြန်ရခဲ့သော ဖွံ့ဖြိုးရေးရန်ပုံငွေထဲမှ ကျပ် သန်းပေါင်း(၃၂၇၀) ကို ဒေသအတွက် သုံးစွဲရန် အချက်များပါ ပါ၀င်သည်။

မကွေးတိုင်းအတွင်း ရေနံချောင်း၊ ချောက်၊ မင်းဘူး၊ မင်းလှမြို့နယ်တို့တွင် အစိုးရပိုင် ရေနံမြေများ တည်ရှိပြီး မင်းလှမြို့နယ်နှင့် သရက်မြို့နယ်အတွင်း ပုဂ္ဂလိကရေနံ လက်ယက်တွင်း နယ်မြေပေါင်း ၅၀ ကျော် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly