ဒုတိယပုံမှန်အစည်းအဝေးအထိ မေးခွန်း ၂၄ခု နှင့်အဆို ၅ ခုအား ဧရာဝတီတိုင်းအစိုးရ ဆောင်ရွက်ရန် ကျန်ရှိ

ဒုတိယပုံမှန်အစည်းအဝေးအထိ မေးခွန်း ၂၄ခု နှင့်အဆို ၅ ခုအား ဧရာဝတီတိုင်းအစိုးရ ဆောင်ရွက်ရန် ကျန်ရှိ

ပုသိမ်၊ သြဂုတ် ၂၃ ။            ။ ဒုတိအကြိမ် ဧရာဝတီတိုင်းဒေသကြီး ပုံမှန်အစည်းအဝေးများမှ အစိုးရ၏ အာမခံချက်များ ကတိများတွင် ဒုတိယပုံမှန်အစည်းအဝေးအထိ မေးခွန်း ၂၄ခု နှင့်အဆို ၅ ခုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရက ဆောင်ရွက်ရန်ကျန်ရှိကြောင်း ကော်မတီက သတ္တမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

"ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် မေးခွန်းများနှင့် အဆိုများအပေါ် ကတိကဝတ်ပြုခဲ့သည့် မေးခွန်း ၁၈ခု၊ အဆို၄ခုရှိပြီး ဆောင်ရွက် ပြီးစီးသည့် မေးခွန်း ၃ ခု၊ အဆို ၁ ခု ရှိပါသည်၊ ဒုတိယပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် မေးခွန်းများနှင့် အဆိုများအပေါ် ကတိကဝတ်ပြုခဲ့သည့် မေးခွန်း ၁၉ ခု၊ အဆို ၂ ခုရှိပြီး   ဆောင်ရွက်ပြီးစီးသည့် မေးခွန်း ၁၀ ခုရှိသည်”ဟု တရားစီရင်ရေး၊ ဥပဒေရေးရာဖွံဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ကတိများ၊ တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌဦးဇေယျမင်းသိန်းက သတ္တမပုံမှန်အစည်းအဝေးတွင် လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့သည်။

ပထမပုံမှန်အစည်းအဝေးတွင် ကျန်ရှိသည့် ကတိကဝတ်ဝင်မေးခွန်းအဆိုများတွင် ဖွံဖြိုးရေးလုပ်ငန်း ၆ ခု နှင့် မူဝါဒပိုင်းဆိုင်ရာလုပ်ငန်း ၉ ခု အဆို ၃ ခု ကျန်ရှိပြီး၊ ဒုတိယပုံမှန်အစည်းအဝေးတွင် ကတိကဝတ် ပြုခဲ့သည့် မေးခွန်းအဆို ဖွံဖြိုးရေးလုပ်ငန်း ၆ ခု၊ မူဝါဒပိုင်းဆိုင်ရာလုပ်ငန်း ၃ ခုနှင့်အဆို ၂ ခု ကျန်ရှိပါသည်။

ဆောင်ရွက်ရန် ကျန်ရှိသည့် ဌာနများမှာ လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ကတိကဝတ်မေးခွန်း ၁ခု၊စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မေးခွန်း ၁၆ ခုနှင့် အဆို ၂ ခု၊ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၁ ခု နှင့် အဆို ၃ ခု၊ လူမှုရေးဝန်ကြီးဌာန ကတိကဝတ်ဝင်မေးခွန်း ၆ ခု ကျန်ရှိသေးသည်။

"လွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်တွင် မေးခွန်း အဆိုများမေးမြန်းပြီးနောက် လတ်တလော ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စများနှင့် စပ်လျဉ်းသော အကြောင်းအရာ၊ သတင်းအချက်အလက်နှင့် ဆောင်ရွက်ပြီးစီးမှုများကို လွှတ်တော်ကော်မတီများနှင့် မေးခွန်းမေးမြန်းသူကိုယ်စားလှယ်တို့အား အချိန်နှင့်တပြေးညီ သိရှိအောင်ဆောင်ရွက်ပေးသင့်ပါသည်၊ သို့မှသာ သတင်းအချက်အလက်များ အသုံးချကာ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများအား ပွင့်လင်းမြင်သာမှုရှိစေရေး လွှတ်တော်ကော်မတီ များအနေဖြင့် အဆက်မပြတ် တွန်းအားပေး   ဆောင်ရွက်နိုင်မည်ဖြစ်သည်”ဟု ကော်မတီက တိုင်းအစိုးရသို့ သုံးသပ်အကြံပြုထားသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးနှင့် ဒုတိယပုံမှန်အစည်းအဝေးတို့တွင် မေးခွန်း ၃၇ ခုနှင့် အဆို ၆ ခုအတွက် တရားစီရင်ရေး ဥပဒေရေးရာဖွံဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တိုင်းဒေသကြီးအစိုးရ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် မှတ်တမ်းထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly