"ကျနော်တို့က အမာလိုင်းသမားတွေ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူတွေပါ။"

"ကျနော်တို့က အမာလိုင်းသမားတွေ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူတွေပါ။"

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်

ခူဦးရယ်သည် တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အထွေထွေအတွင်းရေးမှူးနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ဒုဥက္ကဋ္ဌ ဖြစ်သည်။

ယခုသီးသန့်တွေ့ဆုံပြီး မေးမြန်းထားမှုတွင် ခူးဦးရယ်က UNFC ၏ ရည်မှန်းချက် ပန်းတိုင်များ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူညီချက်ရရှိရေး ဆွေးနွေးမှုများ၏ လက်ရှိ အခြေအနေများ၊ မြန်မာအစိုးရနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မာ ငြိမ်းချမ်းရေးဗဟိုဌာန (MPC) ကဲ့သို့သော အဖွဲ့အစည်းများမှ တစ်ဆင့်ငွေကြေးထောက်ပံ့ ကူညီနေသော နိုင်ငံတကာအသိုင်းအဝိုင်း၏အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ ဖြေကြားထားသည်။

ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ထောက်ခံပံ့ပိုးမှု လိုအပ်နေသော UNFC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အယူအဆအမြင်များမှာ မကြာခဏပင် လျစ်လျူရှုခံရသည်။ သတိမမူမိ ဖြစ်ခံရသည်။ နားလည်မှု လွဲမှားခံခဲ့ကြရသည်။ ပြဿနာများဖြေရှင်း ပြေလည်နိုင်ရေးအတွက် သူတို့ ထောက်ပံ့ရာတွင် ပြဿနာများ၏ လှုပ်ရှားပြောင်းလဲနေပုံကို နားလည်သဘောပေါက်ရန် ဘက်အားလုံးကို နားထောင်ရန်လိုသည်ဟု ခူးဦးရယ်က နိုင်ငံတကာအသိုင်းအဝိုင်းကို ပြင်းပြင်းထန်ထန် တိုက်တွန်း ပြောကြားထားသည်။

မေး။ UNFC ကို ဘယ်တုံးကဖွဲ့တာလဲ၊ ရည်မှန်းချက်ပန်းတိုင်တွေက ဘာတွေလဲ။

ဖြေ။ UNFC ကို ၂၀၁၁ ခုနှစ်က ဖွဲ့ပါတယ်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲပြီးကာစမှာပါ။ ၂၀၀၉ ခုနှစ်မှာ အပစ်ရပ်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံးကို နယ်ခြားစောင့်တပ်အဖြစ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖို့ စစ်အစိုးရက အတင်းအကြပ်ဖိအားပေးပါတယ်။ ဒီတော့ လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့ တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ အခြားအဖွဲ့အစည်းတချို့က ဒီလို နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖို့ ဖိအားပေးတာကို လက်မခံဘဲ ပယ်ချကြပါတယ်။

စစ်အစိုးရနဲ့အပစ်ရပ်ထားတဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်အစိုးရနဲ့တိုက်ခိုက်နေဆဲဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပလောင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLF) တို့လိုအဖွဲ့တွေနဲ့ လက်တွဲပြီးပြန်တိုက်ကြပါတယ်။ ဒီလိုနဲ့ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ သို့မဟုတ် ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းဖို့ဖိအားပေးတာကို လက်မခံတဲ့ အဖွဲ့တွေဟာ စစ်အစိုးရကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တဲ့အဖွဲ့တွေနဲ့ လက်တွဲမိကြပါတယ်။ စစ်အစိုးရကို ဆက်လက်တိုက်ခိုက်ဖို့အတွက် စုစည်းမိကြပါတယ်။ လက်တွဲနိုင်မဲ့နည်းလမ်းကို ရှာဖွေ တွေ့ရှိကြပါတယ်။ ဒါနဲ့ဘဲ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်နေပြီဖြစ်တဲ့ ပြဿနာအားလုံးကို အဆုံးသတ်နိုင် ဖို့ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတာတွေကို အာမခံနိုင်မဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသာ တခုတည်းသောလမ်းဖြစ်တယ်ဆိုတာကို ကျနော်တို့အားလုံး သဘောတူညီ ခဲ့ကြပါတယ်။

ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်ပန်းတိုင်ကတော့ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဘဲဖြစ်ပါတယ်။ ကျနော်တို့ UNFC မှာ အဖွဲ့ဝင် အဖွဲ့အစည်း ၁၂ ဖွဲ့ရှိပါတယ်။ ဆက်စပ်အဖွဲ့ဝင် (associate member) က ၄ ဖွဲ့ စုစုပေါင်း ၁၆ ဖွဲ့ရှိပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) တို့ ကတော့ UNFC အဖွဲ့ဝင် မဖြစ်သေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ကြားမှာ အပြန်အလှန် နားလည်မှု ရှိထားပါတယ်။ အချို့သောပြဿနာကြီးများမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါတယ်။

မေး။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တို့ရဲ့ လက်ရှိအခြေအနေ ကိုလည်းပြောပြပါဦး။

ဖြေ။ အခုတော့ နိုင်ငံရေးဆွေးနွေးပွဲအတွက်အဆင်သင့်ဖြစ်နေပါပြီ။ NCA ကို လက်စသပ်နိုင်ဖို့လည်း ကျနော်တို့အပြင်းအထန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမဲ့ တစ်ချို့အဖွဲ့တွေက ခုအထိ UNFC ရဲ့ပြင်ပမှာဘဲရှိနေတုံးပါ။ တချို့အဖွဲ့အစည်းတွေက UNFC အဖွဲ့ဝင်အဖွဲ့အစည်းမဖြစ်သေးပါဘူး။ ကျနော်တို့ နားလည်ထားတာကတော့ သူတို့လဲ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိတ်အပိုင်းတရပ်အနေနဲ့ ပါဝင်သင့်ပါတယ်။ ဒီတော့ ဘယ်အဖွဲ့အစည်းကဘဲဖြစ်ဖြစ် ကျနော်တို့အားလုံးမှာ ဘုံရည်မှန်းချက်ပန်းတိုင်တခုတော့ ရှိသင့်တယ်။ ဘုံရပ်တည်ချက်ရှိရမယ်။ အတူတကွလုပ်ဆောင်နိုင်ရမယ်။

ညီညွတ်ရေးကို တည်ဆောက်ကြရမယ်။ ကျနော်တို့မြင်တာကတော့ နိုင်ငံရေးဆွေးနွေးပွဲမစခင်မှာ အရင်ဆုံး တိုက်တာ ခိုက်တာတွေ ရပ်ဆိုင်းရမယ်။ တိုက်တာခိုက်တာတွေ မရပ်ဆိုင်းနိုင်ရင်နောက် တဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ချောချောမွေ့မွေ့သွားနိုင်မှာ မဟုတ်ဘူး။ ဒီတော့ကျနော်တို့အားလုံးသဘောတူတာက ပထမဆုံး အတိုက်အခိုက်တွေ အရင်ရပ်။

ပြီးတော့မှ နောက်တဆင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကိုကူး။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ တိုင်းပြည်တွင်းမှာ နောက်ထပ်တိုက်တာခိုက်တာတွေ မဖြစ်စေဖို့ အာမခံချက် ရှိစေချင်တယ်။ တိုင်းပြည် ကိုငြိမ်းချမ်းစေချင်တယ်။ ဒါကြောင့်ဘဲ UNFC အဖွဲ့ဝင်ရော အဖွဲ့ဝင်မဟုတ်သေးတဲ့ အဖွဲ့အစည်းတွေရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတူတူပေါင်းဆုံပြီး လက်တွဲလုပ်နေကြတာ။

ခုတော့ ကျနော်တို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) သဘောတူနိုင်ဖို့ အပြင်းအထန်ကြိုးစား နေပါတယ်။ ဒါပေမဲ့ အစိုးရနဲ့သဘောတူညီချက်ရဖို့ အရေးကြီးတဲ့အချက်တွေကျန်နေသေးတယ်။ ဥပမာ ပြောရရင် အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးပေါ့။ ရိုးရိုးသားသားပြောရရင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အားလုံး ဒီမှာအတူတကွလာပြီး NCA ကို လက်မှတ်ရေးထိုးစေချင် တယ်။နောက် တခုက ဘယ်သူတွေ NCA မှာ လက်မှတ်ထိုးမှာလဲ ဆိုတဲ့အပိုင်း။ ဒီအပေါ်မှာလည်း အခုအထိ သဘောတူညီချက် မရသေးဘူး။ နောက်ပြီးတော့ ဒီလိုလက်မှတ်ရေးထိုးတဲ့နေရာမှာလည်း နိုင်ငံတကာက သက်သေတွေ ပါစေချင်တယ်။ ကျနော်တို့အဆိုပြုထားတာက ကုလသမဂ္ဂ၊ အာဆီယံ၊ အီးယူနဲ့ အိမ်နီးချင်းနိုင်ငံတချို့ အသိသက်သေများအနေနဲ့ ပါဝင်ဖို့ပါ။ ဒီတော့မှ လာမဲ့ရွေးကောက်ပွဲအပြီး ဘယ်သူဘဲ အစိုးရဖြစ်ဖြစ် သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်မယ်။ NCA လုပ်ငန်းစဉ်ကို စောင့်ကြည့်အကဲခတ်နိုင်မယ်။ ဘယ်သူတွေက ခုလိုအကဲခတ်စောင့်ကြည့်မှာလဲ။ သဘောတူညီချက် အကောင် အထည် မဖော်နိုင်ရင် ဘာလုပ်မလဲ။ ဒီလိုအရေးကြီးတဲ့ပြဿနာကြီးတွေအပေါ်မှာ သဘောတူညီချက်ရဖို့ လိုနေပါသေးတယ်။

မေး။ ဘာလို့ အစိုးရက တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရခိုင်တပ်မတော် (AA) တို့ကို NCA မှာ ပါဝင်ခွင့်မပေးဘဲ ချန်ထားဖို့ လုပ်နေတာလဲ။

ဖြေ။ အကြောင်းပြချက်ကတော့ ဒီ ၃ ဖွဲ့ဟာ အစိုးရနဲ့ နှစ်ဘက်သဘောတူညီချက်မယူရသေးလို့လို့ ပြောတယ်။ ဒီတော့ ပထမဆုံးအစိုးရနဲ့ နှစ်ဘက်သဘောတူညီချက် အရင်ရအောင်လုပ်ရမှာပေါ့။ ပြီးတော့မှ သူတို့က NCA မှာ ပါဝင်နိုင်မယ်။ ဒါက အစိုးရကပေးတဲ့ အကြောင်းပြချက်ဘဲ။ TNLA က ပြောတာကလည်း သူတို့ကအခြားအဖွဲ့တွေနဲ့အတူ NCA ကို ကြိုက်တဲ့အချိန် လက်မှတ်ထိုးဖို့ အဆင်သင့်ဘဲ။ ဒီလိုဘဲ အစိုးရနဲ့ နှစ်ဘက်သဘောတူညီချက်ရဖို့လဲ စကားပြောဖို့ အဆင်သင့်ဘဲလို့ ပြောတယ်။ တတ်နိုင်သမျှမြန်မြန် အစိုးရနဲ့ သူတို့တစ်ဖွဲ့ထဲ သပ်သပ်ဆွေးနွေး ပြီး နှစ်ဘက်သဘော တူညီချက်ယူချင်တယ်လို့ပြောတယ်။ ဒါပေမဲ့ မြန်မာ စစ်တပ်ဘက်ကလည်း ဒီဒေသတွေမှာ သူတို့ရဲ့ ထိုးစစ်အားလုံးရပ်ဆိုင်းရမယ်။ မြန်မာစစ်တပ်ဘက်က TNLA အဖွဲ့ကို ဆက်တိုက်နေမယ်ဆိုရင်လည်း သူတို့ဘက်ကလည်း အစိုးရနဲ့ဆွေးနွေးဖို့ရာမှာ ယုံကြည်ဖို့ အတော်ခက်သွားမယ်။

မေး။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT ကို အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ SD နဲ့ အစား ထိုးလိုက်တာကရော ဘာဖြစ်လို့ပါလဲ။

ဖြေ။ ဘာလို့လဲဆိုတော့ NCCT အဖွဲ့က ခဏခဏပြောတယ်။ သူတို့လဲ အစိုးရနဲ့ သူတို့တတ်နိုင်သမျှ အကောင်းဆုံး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးပြီ။ ဒီထက်လည်း ပိုမလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ ပြဿနာ တချို့က ဆက်ဆွေးနွေးဖို့ သဘောတူညီချက်ယူဖို့ ကျန်နေသေးတယ်။ ဒီတော့ NCCT က စဉ်းစားတာက ဒီလိုကျန်နေသေးတဲ့ ပြဿနာတွေကို ဆက်ဆွေးနွေးဖို့၊ အစိုးရနဲ့အပြီးသတ် သဘောတူညီချက် ရနိုင် ဖို့ နောက်ထပ်အဖွဲ့တဖွဲ့ထားဖို့လိုတယ်။ ဒီလိုစဉ်းစားတာပါ။

မေး။ အခုလာမဲ့အထွေထွေရွေးကောက်ပွဲအပေါ်မှာရော ခင်ဗျားအနေနဲ့ ဘာတွေမျှော်လင့်ထားပါသလဲခင်ဗျ။

ဖြေ။ ဒါကနိုင်ငံရေးပါတီတွေရဲ့အလုပ်ပါ။ ကျနော်တို့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ကျနော်တို့မှာ အထွေထွေ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ ရပ်တည်ချက်ရှိပါတယ်။ ဒီရွေးကောက်ပွဲဖြစ်စဉ်ကို ရပ်ဆိုင်းသွားအောင်သော်လည်းကောင်း၊ အနှောင့်အယှက်ပေးတာသော်လည်းကောင်း ကျနော်တို့လုပ်မှာ မဟုတ်ပါဘူး။ သူ့အတိုင်းလေးဘဲ လွတ်လွတ်လပ်လပ် သွားပါစေ။

ဒါပေမဲ့ မြန်မာစစ်တပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (USDP) က လုပ်နေတာတွေကိုကြည့်ရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျနော်တို့ ကြိုမြင်နေပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုကို လွှတ်တော်တွင်းမှာ စစ်တပ်ကိုယ်စားလှယ်တွေက ပယ်ချလိုက်ကတည်းက ဒီလိုမြင်တာပါ။ ဒီတော့ထပ်ပြောရရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတော့ ဖြစ်လာစရာ မရှိပါဘူး။ ဒီလိုအခြေအနေတွေရှိနေပေမဲ့လည်း တက်လာမဲ့ အစိုးရသစ်နဲ့ ဆက်ပြီးဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နိုင်ပါသေးတယ်။ လူသစ်တွေဘဲဖြစ်စေ လူဟောင်းတွေဘဲဖြစ်စေ ဆက်လုပ်ရမှာပါ။

ဘာတွေဖြစ်မယ်ကျနော်တို့ တကယ်မသိပါဘူး။ ဒါပေမဲ့ ဒီလူတွေနဲ့ဘဲ ဆွေးနွေးတာတွေ ဆက်လုပ်သွားရမှာပါ။ ရွေးကောက်ပွဲမတိုင်ခင် NCAအပြီးသတ်နိုင်ရင် သဘောတူညီချက်ကိုအကောင်အထည်ဖော် ဖို့ရာရွေးကောက်ပွဲအပြီးပေါ်လာမဲ့ အစိုးရသစ်နဲ့ ဆက်လုပ်ရပါမယ်။ နိုင်ငံရေးဆွေးနွေးပွဲအတွက်မူဘောင်တွေချဖို့လည်း ဆွေးနွေးရပါဦးမယ်။ ဒီတော့ ရှေ့မှာလုပ်ရမဲ့အလုပ်တွေ၊ ရှင်းရမဲ့ပြဿနာတွေ တစ်ပုံကြီး ကျန်ပါသေးတယ်။ ရှေ့မှာ ဒီထက်ပိုပြီး စိန်ခေါ်မှုတွေ ကြုံရဦးမယ်လို့ မျှော်လင့်ထားပါတယ်။

မေး။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ UNFC ရဲ့ သဘောထားရပ်တည်ချက်က ဘာလဲဗျ။

ဖြေ။ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအကြောင်းတခါမှ မပြောပါဘူး။ ကျနော်တို့စဉ်းစားနေတာက အားလုံးက လက်ခံနိုင်မဲ့၊ တစ်တိုင်းပြည်လုံးက နိုင်ငံသားတွေ လက်ခံနိုင်မဲ့ဖွဲ့စည်းပုံအသစ်တရပ်ပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ မျှော်မှန်းတဲ့ပန်းတိုင်က ဒီမိုကရေစီ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အပေါ်အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးပါ။ ဒီတော့ ခုသူတို့မှာရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ခင်ဗျားသေချာ လေ့လာကြည့်မယ်ဆိုရင် ကျနော်တို့မှာ အသစ်တခု ရေးဆွဲတာက ပိုကောင်းမယ်ဆိုတာသိမှာပါ။

မေး။ UNFC က ဖက်ဒရယ်တပ်မတော်တရပ် ထူထောင်ဖို့ ရည်မှန်းထားတယ်။ ဖက်ဒရယ်တပ်မတော်နဲ့ ပတ်သက်လို့ ခင်ဗျားရဲ့ အမြင်ကရော ဘယ်လိုပါလဲ။

ဖြေ။ ကျနော်တို့မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုအကောင်အထည်ပေါ်လာပြီဆိုရင် ဖက်ဒရယ်စနစ် အောက်မှာ ဖက်ဒရယ်တပ်မတော်တရပ် ရှိရမှာဘဲ။ ဖက်ဒရယ်အစိုးရလည်း ရှိရမှာပေါ့။ ဒီဖက်ဒရယ် တပ်မတော်ထဲမှာတိုင်းပြည်ထဲက တိုင်းရင်းသားအားလုံး ပါဝင်ခွင့်၊ ဆောင်ရွက်ခွင့်၊ သူတို့နဲ့ ထိုက်တန်တဲ့ အဆင့်အတန်းရပိုင်ခွင့်တွေ ရှိရမယ်။ အခုရှိနေတဲ့ မြန်မာ့တပ်မတော်ကို ခင်ဗျားကြည့်ရင် ထိပ်တန်း တပ်မှူးကြီးတွေအကုန်လုံး ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တွေချည်းဘဲ။ ခင်ဗျားက ဗမာလူမျိုးလဲမဟုတ်၊ ဗုဒ္ဓဘာသာလဲ မဟုတ်ဘူးဆိုရင် ဒီလိုအဆင့်မြင့်ရာထူးတွေ မရနိုင်ဘူး။ ဒါကအတော့်ကို မတရားတာဘဲ။
ကျနော်တို့ပြောနေတာ တပ်မတော်အသစ်ထောင်ဖို့ မဟုတ်ဘူး။ အခုမြန်မာပြည်မှာရှိနေတဲ့ စစ်တပ်ကို ပြည်လည်ဖွဲ့စည်းဖို့ဘဲ။ တစ်နိုင်ငံလုံးအတွက်၊ အားလုံးအတွက် တစ်ခုတည်းသော တပ်မတော်ဖြစ် ရမယ်။ ခင်ဗျားက ကရင်နီဖြစ်ဖြစ်၊ ရှမ်းဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ် အခွင့်အရေးတန်းတူ ရှိရမယ်။ တန်းတူညီမျှမှုရှိရမယ်။

မေး။ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) နဲ့ လက်နက်ဖြုတ် တပ်ဖျက် ပြန်လည်ပေါင်းစည်း ရေး (DDR) ဆိုတဲ့နှစ်ခုအပေါ်မှာ UNFC ရဲ့ရည်တက်ချက်ကဘယ်လိုလဲဗျ။

ဖြေ။ အဲဒါကကျနော်တို့ရရှိလာမဲ့ NCA သဘောတူညီချက်ပေါ် အများကြီး မူတည်ပါလိမ့်မယ်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ အဆင့်နေရာအတွက် ဒီစာချုပ်ကဘယ်လောက် အာမခံချက်ပေးနိုင် သလဲဆိုတာ ပေါ် မူတည်ပါလိမ့်မယ်။ NCA လက်မှတ်ထိုးပြီးမှ ခိုင်မာတဲ့အာမခံချက်မတွေ့ရဘူး။ တကယ်လက်တွေ့ ဖြစ်နိုင်မဲ့ ကတိကဝတ်တွေ မမြင်ရဘူးဆိုရင် DDR ဘဲဖြစ်ဖြစ်၊ SSR ဘဲဖြစ်ဖြစ် ကျနော် တို့ စိုးရိမ်ပူပန်တဲ့ အကြောင်းဘဲ ပြောပါရစေ။ ဒီတော့ ဒီကိစ္စက ကျနော်တို့လက်မှတ်ထိုးမဲ့ NCA အပေါ်မှာ အများကြီး မူတည်နေပါတယ်။ သဘောတူညီချက်က ကျနော်တို့အတွက် ဘယ်လောက် အာမခံ ချက် ပေးနိုင်မလဲ ဆိုတာပေါ် မူတည်ပါတယ်။

ခိုင်မာတဲ့သဘောတူညီချက် မဖြစ်မှာရယ်၊ ကျနော်တို့အတွက် အာမခံချက် မရှိမှာရယ်ကို တွေးပူပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲသာ ဖြစ်မလာဘူးဆိုရင် ကျနော်တို့ အတွက်လည်း နောက်တခါ စစ်ပြန်တိုက်ဖို့ က အတော်အန္တရာယ်များပါတယ်။ ဒီလိုဘဲ DDR, SSR လက်ခံဖို့ လက်နက်ဖြုတ်ဖို့ ဆိုတာကလဲ ကြီးမားတဲ့စိန်ခေါ်မှုပါဘဲ။ ဒါပေမဲ့ NCA လက်မှတ်ထိုးပြီးရင် အချိန်မရွေး DDR, SSR တွေအတွက် ကျနော် တို့ဘက်က အသင့်ဖြစ်နေစေဖို့ မြန်မာစစ်တပ်နဲ့ အစိုးရက တကယ်ကိုလိုလား နေတယ် ဆိုတာကိုတော့ ကျနော်တို့ကောင်းကောင်းကြီး နားလည်ထားပါတယ်။

မေး။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေမှာ ဒီလိုခံစားချက်တွေရှိလာတာ အတိတ်သမိုင်းရဲ့ လွှမ်းမိုးမှု ဘယ်လိုရှိနေတာလဲဗျ။

ဖြေ။ ကျနော်တို့က ဒီကိစ္စအတွက် အဆင်သင့်မဖြစ်သေးပါဘူး။ အခုအချိန်မှာ ကျနော်တို့အတွက် လုံခြုံမှု မရှိသေးဘူးလို့လည်း ခံစားနေရလို့ပါ။ အရင်ကလဲ အစိုးရဘက်က ဒီလိုဘဲ ကတိတွေအကြိမ်ကြိမ် ချိုးဖောက်ခဲ့တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် စိုးရိမ်ပူပန်မှု ရှိပါတယ်။

မေး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့မှာဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတာနဲ့ပတ်သက်ပြီး လူထုအခြေပြုအဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေ၊ ဒုက္ခသည်ကိုယ်စားလှယ်မျိုးတွေနဲ့ရော UNFC က တိုင်ပင်ဆွေးနွေးတာ ရှိပါသလား။

ဖြေ။ လူထုအခြေပြုအဖွဲ့တွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ ကျနော်တို့ သေသေချာချာ စဉ်းစားနေပါတယ်။ အမျိုးသမီးအဖွဲ့တွေ၊ လူငယ်အဖွဲ့တွေပေါ့။ သူတို့က ဘယ်လိုဟာမျိုးမှာ ကျနော်တို့ကို ထောက်ပံ့ ကူညီနိုင်မလဲပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ နားလည်ထားတာက နိုင်ငံရေးပြဿနာ တွေဆွေးနွေးပြီ ဆိုရင် သူတို့လည်း ပါလာရမှာဘဲ။

အခုကျနော်တို့ အစိုးရနဲ့ စစ်တပ်နဲ့လုပ်နေတဲ့ဆွေးနွေးပွဲတွေက တိုက်ပွဲတွေကို ဘယ်လိုရပ်မလဲ ဆိုတာဘဲ ရှိသေးတယ်။ နိုင်ငံရေးဆွေးနွေးပွဲရောက်ရင်လဲ အချို့ပြဿနာကြီးတွေက အာမခံချက်ရှိ မှဖြစ်မယ်။ ဥပမာပြရရင် နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍ၊ လူထုအခြေပြုအဖွဲ့တွေရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးအဖွဲ့တွေ လူငယ်အဖွဲ့တွေ စတာတွေရဲ့ အခန်းကဏ္ဍ စသဖြင့်ပေါ့။

အထူးသဖြင့်တော့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်မှာ အမျိုးသမီးအဖွဲ့တွေရဲ့ အခန်းကဏ္ဍဘဲ။ သဘာဝပတ်ဝန်းကျင်ကိစ္စ၊ သဘာဝသယံဇာတကိစ္စ၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးကိစ္စတွေပြောလာရင် သူတို့ပါလာမှာဘဲ။ ဖြေရှင်းစရာကိစ္စတွေကအများကြီး။ ဒီတော့ လူငယ်ဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်၊ လူထုအခြေပြုအဖွဲ့ဘဲဖြစ်ဖြစ်၊ ဆွေးနွေးပွဲတွေမှာ ဒီကိစ္စတွေကို ကိုယ်စားပြုဆွေးနွေးဖြေရှင်းကြရမှာဘဲ။ ဒါကြောင့် UNFC ကလဲ လူငယ်တွေ၊ အမျိုးသမီးတွေ၊ လူထုအခြေပြု အဖွဲ့ (CSOs) တွေကို ကျနော်တို့နဲ့ နီးနီးကပ်ကပ် အလုပ်တွဲလုပ်ကြပါလို့ အားပေးတိုက်တွန်းပါတယ်။

မေး။ ဆွေးနွေးပွဲအဆင့်တိုင်းမှာ အမျိုးသမီး ၃၀% ပါဝင်ရေးကိစ္စ၊ လော်ခီးလာထိပ်သီးအစည်းအဝေးမှာ UNFC ကသဘောတူခဲ့သလားဗျ။

ဖြေ။ ဆွေးနွေးပွဲအဆင့်တိုင်းမှာ၊ ဆုံးဖြတ်ချက်ချရာမှာ၊ မူဝါဒချမှတ်ရာမှာ ၃၀% အပြည့်အဝပါဝင်ရေးကို ကျနော်တို့ သဘောတူခဲ့ပေမဲ့ သူတို့အပေါ်ဘဲမူတည်ပါတယ်။ ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝတယ် ဆိုရင် ကျနော်တို့ဘက်က ကန့်ကွက်ဖို့ မရှိပါဘူး။ မူဝါဒ ချမှတ်ရာမှာ၊ ဆုံးဖြတ်ချက်ချမှတ်ရာမှာ စသဖြင့် သူတို့ရဲ့ အသိအမြင်၊ အတွေ့အကြုံ၊ လုပ်နိုင်ကိုင်နိုင်စွမ်းတွေအပေါ်ဘဲ မူတည်ပါတယ်။

ဒီအပေါ်မှာ ကျနော်တို့ဘက်က ခွဲခြားမှု မရှိပါဘူး။ သီးသန့်အရည်အချင်းသတ်မှတ်ချက်ရယ်လို့လည်း မရှိပါဘူး။ မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် ထိုက်တန်ရင် ထိုက်တန်တဲ့ ရာထူးတာဝန်ကို ရမှာဘဲ။ သာဓကပြရရင် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်ဟာ အမျိုးသမီးတဦးပါ။ KNU အဖွဲ့ဝင်တွေက သူနဲ့ဒီရာထူးနဲ့ထိုက်တန်တယ်ထင်လို့ သူဒီနေရာရတာဘဲ။ UNFC ထဲမှာလည်း ဒီလိုပါဘဲ။ မိမိအဖွဲ့အစည်းက ကိုယ်စားလှယ်အဖြစ် UNFC မှာ တာဝန်ထမ်းဆောင်ဖို့ အမည်တင်သွင်း အဆိုပြုလိုက်တဲ့သူကို UNFC ရဲ့ ထိပ်တန်းရာထူးမှာ တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းပြည့်မီတယ်ဆိုရင်၊ UNFC ရဲ့မဲပေးခွင့်ရှိသူ ကိုယ်စားလှယ်တွေကလည်း မဲပေးရွေးချယ်မယ်ဆိုရင် နောက်ဆုံး ဒီနေရာကို ခင်ဗျားရမှာဘဲ။

မေး။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီထောက်ပံ့ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ခုလောလောဆယ်မှာ (အစိုးရထူထောင်ထားတဲ့) မြန်မာငြိမ်းချမ်းရေးဗဟိုဌာန (MPC) ကတဆင့် အဓိက ထားပြီး ပေးနေပါတယ်။ ဒီငြိမ်းချမ်းရေးရံပုံငွေတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တကယ်အကျိုးရှိစေပါသလား။ ခင်ဗျားအမြင်သိပါရစေ။

ဖြေ။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပါဝင်ပတ်သက်မှုနဲ့ပြောရင်၊ အလှူရှင်နိုင်ငံတွေအနေနဲ့ပြောရင် ကျနော့် အမြင်အရတော့ သူတို့မှာ စကတည်းက မှားယွင်းတဲ့စိတ်သဘောထားရှိနေတယ်။ ကျနော်တို့ ခုလုပ်နေတဲ့ဖြစ်စဉ်အပေါ်မှာ သူတို့စဉ်းစားမှုက မှားနေတာ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီထောက်ပံ့ဖို့ ရံပုံငွေတွေသယ်လာပြီး မြန်မာပြည်ရောက်လာတော့ သူတို့ခုအထိ အဓိကနားလည်နေတာက အစိုးရနဲ့ စကားပြောဖို့ဘဲ။ စစ်တပ်ကအာဏာရှိတော့ ဘာမဆိုလုပ်နိုင်တယ်။ ဒီတော့ သူတို့နဲ့ဘဲ စကားပြောရမယ်၊ သူတို့လိုချင်တာဘာမဆို လုပ်ပေးနိုင်တဲ့အာဏာရှိတော့ သူတု့ိကလဲ ဒီစစ်တပ်နဲ့ဘဲ ဆက်ဆံတယ်။ ဒီတော့သူတို့မှာ နားတဘက်ဘဲ ရှိတော့တယ်။ အစိုးရပြောတာဘဲ နားထောင်တယ်။ (မြန်မာ) စစ်တပ် ပြောတာဘဲ နားထောင်တယ်။
 
တိုင်းရင်းသားကျတော့ အရေးမစိုက်ဘူး။ တမင်သက်သက်ကို တိုင်းရင်းသားတွေကို လျစ်လျူရှုထားဖို့ ကြိုးစားနေတာ။ အလှူရှင်နိုင်ငံတချို့တလေက တိုင်းရင်းသားတွေကို ကူညီဖို့ စဉ်းစားရင်တောင် အများစုကြီးက အဓိကအားဖြင့် MPC ကတဆင့်ဘဲဖြစ်ဖြစ်၊ တခြားလမ်းကြောင်းကဘဲဖြစ်ဖြစ် ပျော်ပျော် ရွှင်ရွှင်ကြီးကို လက်တွဲလုပ်နေတော့ ဒီနိုင်ငံတွေကလည်း လက်တွန့်နေတာပေါ့။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာဖြစ်နေတဲ့ပြဿနာက တိုင်းရင်းသားတွေမပါဘဲ ငြိမ်းချမ်းရေးက ရကိုမရနိုင်ဘူး။ ကျနော် ပြောတာယုံပါ။ ကျနော်တို့သာ အစိုးရနဲ့စစ်တပ်နဲ့ စကားပြောဖို့မလာဘူးဆိုရင် ပြဿနာတွေက ဆက်ပြီးကြီးကျယ်နေဦးမှာဘဲ။ ဒီလိုဘဲ အစိုးရမပါဘဲနဲ့လဲ တိုင်းပြည်မှာငြိမ်းချမ်းရေးကမရနိုင်ဘူး။ ကျနော်တို့နိုင်ငံမှာရှိနေတဲ့ပြဿနာတွေအားလုံးက တိုင်းရင်းသားအတွက်တင်မဟုတ်ဘူး၊ အားလုံးနဲ့ ဆိုင်တာ။ ဒါကြောင့်ဘဲ အစိုးရနဲ့စစ်တပ်က ကျနော်တို့နဲ့ စကားပြောဖို့ဆုံးဖြတ်ခဲ့တာ။ ကျနော်တို့ဘက်ကလဲ တိုင်းပြည်မှာ ရှိနေတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ သူတို့နဲ့စကားပြောဖို့ သဘောတူခဲ့တာဘဲ။ အစိုးရနဲ့ စစ်တပ်က နိုင်ငံတကာအကူအညီကို လိုအပ်သလို ကျနော်တို့ကလဲ လိုအပ်တာဘဲ။ လိုအပ်ချက်က ကြီးပါတယ်။ သိပ်ကိုကြီးပါတယ်။ ကျနော်တို့မှာရှိတဲ့အချက်အလက်က မလုံလောက်ပါဘူး။ ဒါကြောင့် နိုင်ငံတကာအထောက်အပံ့ကို ကျနော်တို့တကယ်လိုပါတယ်။ ဘဏ္ဍာရေးအရ၊ နည်းပညာပိုင်းအရ လိုအပ်ပါတယ်။

ဒီတော့နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အစိုးရတွေက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ဘဲလာရမယ်။ ပြဿနာကို ဘယ်လိုချဉ်းကပ်သင့်သလဲ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုဘယ်လိုချဉ်းကပ်သင့်သလဲ။ တို့ရဲ့အကူအညီ အထောက်အပံ့တွေကို ဘယ်လိုပေးမလဲ၊ စသဖြင့် သူတို့မှာ တိကျပြတ်သားတဲ့လုပ်ငန်းအစီအစဉ်ရှိရမယ်။ အကူအညီအထောက်အပံ့တွေ မပေးခင်မှာလဲ လိုအပ်တဲ့သတင်းအချက်အလက် အကုန်ရှိပြီးသားဖြစ်ရမယ်၊ ကျနော်တို့တိုင်းပြည်မှာငြိမ်းချမ်းရေးတကယ်ရဖို့ဆိုရင် သူတို့ဒီလို လုပ်မှရမယ်။

ခုထိတော့ ကျနော်မြင်သလောက် ကျနော်ခံစားရသလောက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အလှူရှင်နိုင်ငံ အများစုက နားတဘက်ဘဲပါတယ်။ အစိုးရအပေါ်မှာဘဲ အများကြီး မှီခိုအားထားပြီးလုပ်တယ်။ တိုင်းရင်းသားတွေနဲ့ အဆက်အစပ်က မရှိသလောက်ဘဲ။ ဒီအကြောင်း ကျနော်တို့ကပြောရင် သူတို့က သဘောမတူဘူး။ `ခင်ဗျားတို့ပြောသလို မဟုတ်ပါဘူး။ လုံးလုံးမဟုတ်ပါဘူး။ ကျနော်တို့ပေးတဲ့ အထောက်အပံ့အများစုက တိုင်းရင်းသားဒေသတွေကိုဘဲ သွားတာပါ။ အစိုးရဆီနည်းနည်းဘဲ ရောက်တာပါ´လို့ ပြောတယ်။ ဒါမမှန်ပါဘူး။ ဒါပေမဲ့ တခုတော့ကျနော်သဘောတူတယ်။ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (INGOs) တွေက ဝန်ထမ်းတွေ အများကြီး တိုင်းရင်းသားဒေသတွေကို လာကြတယ်။ ဒါပေမဲ့ သူတို့ဘာလာလုပ်ကြတာလဲဆိုတာ ကျနော်သိချင်နေတာ။ ၃ နှစ်အတွင်း ဘာ တိုးတက်မှုမှ မမြင်ခဲ့ရသေးဘူး။ အပြောင်းအလဲ ဘာမှမမြင်ရသေးဘူး။ ဒါပေမဲ့ သူတို့နိုင်ငံကယူလာတဲ့ ပိုက်ဆံအများကြီးတော့ သူတို့သုံးပစ်လိုက်ပြီးပြီ။ ဒီငွေတွေ ဘယ်ရောက်သွားလဲဆိုတာလဲ ကျနော်တို့ မသိဘူး။ ဒီအလုပ်တွေ လုပ်နေတဲ့သူတွေဘဲသိမယ်။ မျှမျှတတလေး ဆက်ဆံပါ၊ ဘက်ပေါင်းစုံက မျှမျှတတ လေးကြည့်ပါလို့ဘဲ ပြောချင်တယ်။ လက်တွေ့အခြေအနေ ဘယ်လိုလဲဆိုတာ ဆင်းကြည့်ပါ။ တကယ်ဘာတွေ လိုအပ်နေတယ်ဆိုတာရှာပါ။ တကယ်ဘယ်သူတွေရှိနေလဲဆိုတာ ကြည့်ပါ။

မေး။ နိုင်ငံတကာအသိုင်းအဝိုင်းက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီထောက်ပံ့မယ်ဆိုရင် အကောင်းဆုံးက ဘယ်လိုလုပ်ရမလဲဆိုတာ ခင်ဗျားအမြင်လေးပြောပါဦး။

ဖြေ။  အကူအညီအထောက်အပံ့ပေးတော့မယ်ဆိုရင် ပထမဆုံးအနေနဲ့တပြည်လုံးမှာရှိတဲ့လူအုပ်စု အားလုံးနဲ့ ထိတွေ့ဆက်ဆံမှုရှိစေရမယ်။ ဒီဖြစ်စဉ်မှာပါတဲ့လူအုပ်စုအားလုံးနဲ့လည်း ထိတွေ့ဆက်ဆံမှု ရှိရမယ်။ သူတို့ပြောတာကို နားထောင်ရမယ်။ သူတို့အားလုံးနဲ့စကားပြောပြီး သူတို့လိုအပ်ချက်တွေ သူတို့အမြင်တွေကို စုဆောင်းပြီးမှ ဘယ်လိုနည်းလမ်းနဲ့ပေးရင် အကူအညီက အထိရောက်ဆုံးဖြစ် မယ်ဆိုတာသိမယ်။

ဘာလို့လဲဆိုတော့ အစိုးရက အမြဲပြောလေ့ရှိတယ်။ 'ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဥပဒေပြင်ပက အဖွဲ့အစည်းတွေ၊ မတရားသင်းအဖွဲ့အစည်းတွေအနေနဲ့ဘဲ ရှိသေးတယ်။ သူတို့ကို ဘာအကူအညီမှ မပေးသင့်သေးဘူး' စသဖြင့် သူတို့က ပြောလေ့ရှိတယ်။ ဒါနိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာအစိုးရအားလုံးကို အစိုးရက အမြဲပြောတာဘဲ။

ဒီလိုဘဲ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာအစိုးရတွေကလည်း ပြောတာဘဲ။ ကျနော်တို့အပေါ်မှာ ဒီလိုအမြင်တွေရှိတုံးဘဲဆိုရင် ဘယ်လိုလုပ် ငြိမ်းချမ်းရေးရအောင် လုပ်မှာလဲ။ ပြဿနာကို ဘယ်လိုဖြေ ရှင်းမှာလဲ။ မျှမျှတတမဆက်ဆံဘူး။ မျှမျှတတ မမြင်ဘူး။ မျှမျှတတ သဘောထားမရှိဘူးဆိုရင် ပြဿနာတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး။

အစိုးရကိုသူတို့မြင်တာက 'ဟာ သူတို့ကတခုတည်းသော တရားဝင်အဖွဲ့အစည်း၊ တိုင်းပြည်ကိုအုပ် ချုပ်နေတဲ့ တခုတည်းသောအစိုးရ' ဆိုပြီးမြင်တယ်။ ကောင်းပြီ။ သူတို့ဘယ်လိုအာဏာရလာလဲ။ မဲဆန္ဒရှင် အားလုံးကို မေးကြည့်ပါ။ ရွေးကောက်ပွဲတုံးက ဒီမဲဆန္ဒရှင်တွေ၊ မဲပေးပိုင်ခွင့်ရှိသူတွေ လွတ်လွတ်လပ်လပ် မဲပေးခွင့် ရခဲ့သလား၊ မရခဲ့ဘူးလား မေးကြည့်ပါ။ မရဘူး။ ဒါအားလုံးသိတယ်။ ဘာမှ သံသယဖြစ်စရာမရှိဘူး။ သူတို့ဘယ်လိုအာဏာရလာသလဲဆိုတာ။ ဒီတော့ သူတို့ကို တရားဝင် အစိုးရလို့ ကျနော်တို့ အသိအမှတ်ပြုကြမလား။ သူတို့ကို မယုံနိုင်သေးဘူးဆိုတာ ဒီအချက်က အဓိကဘဲ။ ဒါကြောင့် ခုထိ လက်နက်ကိုင်ပြီး တိုက်နေရတာ။ ဒီလိုတိုက်တာ သူတို့ကို အနိုင်ယူဖို့ မဟုတ်ဘူး၊ ပြဿနာကို ဖြေရှင်းဖို့ဘဲ။ ကျနော်တို့ မြင်ချင်တဲ့ရလဒ်က သူမသာ ကိုယ်မနာ ရလဒ်ဘဲ။ တစ်ယောက်ကို တစ်ယောက် အနိုင်ယူဖို့ မဟုတ်ဘူး။ မျှတတဲ့အနေအထားရဖို့၊ မျှမျှတတ ပြောခွင့်ရဖို့၊ ဒါဘဲ။

မေး။ နိုင်ငံတကာအသိုင်းအဝိုင်းကို ဘာများပြောချင်ပါသလဲ။

ဖြေ။ သူတို့တတ်နိုင်သမျှ ကျနော်တို့ကို အစွမ်းကုန်ကူညီကြတဲ့အတွက် နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျေးဇူးတင်ကြောင်း ကျနော်ပြောလိုပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ကို တကယ် ချီးကျူးအသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ရေရှည်မှာကျတော့ တချို့မှာ သူတို့ကိုယ်ပိုင်အကျိုး စီးပွါးတွေ ရှိလာတယ်။ အမျိုးသားအကျိုးစီးပွါးတွေ ရှိလာတယ်။ ကျနော် သူတို့ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ ကျနော်တခုဘဲ ပြောချင်တယ်။ ကျနော်တို့တိုင်းပြည်က လူထုကို အကူအညီပေးဖို့အတွက် လာတယ်ဆိုရင် မလာခင် အခြေအနေတွေကို နားလည်အောင် ကြိုးစားစေချင်တယ်။ တတ်နိုင်သမျှ လူအများစုကြီးဆီ ဒီအကူအညီတွေ ရောက်စေချင်တယ်။ ပြီးတော့မှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီးပေးပါ။ ခင်ဗျားတို့ပေးတဲ့ အကူအညီအားလုံး ရောက်သင့်တဲ့နေရာရောက်ပါစေ။

တကယ် လိုအပ်နေသူတွေထံ ရောက်ပါစေ။ ပြည်သူတွေကို တကယ်အကျိုးပြုပါစေ။ တစ်နိုင်ငံလုံးကိုတကယ်ဘဲ အကျိုးရှိပါစေ။ ဒီတော့ တစ်ဘက်ထဲနဲ့ စကားမပြောပါနဲ့။  အားလုံးနဲ့ စကားပြောပါ။  တစ်ဘက်ထဲကို နားမထောင်ပါနဲ့၊ ဘက်အားလုံးက ပြောတာကို နားထောင်ပါ။ ပြီးတော့မှ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပါ။ မှားတာလုပ်လုပ်၊ မှန်တာလုပ်လုပ် ဒါခင်ဗျားတို့ လက်ထဲမှာပါဘဲ။ ကျနော်တို့လက်ထဲ ရှိနေတဲ့ အခြေအနေအချက်အလက်နဲ့တော့ တိုင်းပြည်မှာ ငြိမ်းချမ်းရေး မရနိုင်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ပြင်ပအကူအညီအထောက်အပံ့ကို ကျနော်တို့ တကယ်ဘဲလိုပါတယ်။

ကျနော်တို့က အမာလိုင်းသမားတွေ မဟုတ်ပါဘူး။ အမာတွေ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံး သူတွေပါ။ ဘယ်သူ့ကိုမှ ဒုက္ခတွေ မခံစားစေချင်တော့ဘူး။ ဘယ်သူ့ကိုမှ မဆင်းရဲစေချင်တော့ဘူး။ ခင်ဗျားသိတယ် မဟုတ်လား။ လူတိုင်းလွတ်လပ်ချင်ကြပါတယ်။

ဤတွေ့ဆုံမေးမြန်းခန်းကို Ariana Zarleen က ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ UNFC ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ Ariana Zarleen သည် Burma Link ကို တည်ထောင်သူတဦးဖြစ်ပြီး လက်ရှိတွင် အစီအစဉ်ညွှန်ကြားရေးမှူးအဖြစ် ထမ်းဆောင်နေသည်။ Burma Link သည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာနိုင်ငံမှ တိုင်းရင်းသားမျိုးနွယ်များ၊ ရွာပုန်းရွာရှောင် ရွှေ့ပြောင်းဒုက္ခသည်များ၏ အကြောင်း အများသိစေရန် ဆောင်ရွက်ပေးနေပြီး ယင်းတို့၏အသံများနှင့် အဖြစ်အပျက်များကိုလည်း ပြည်တွင်းပြည်ပမှ သိရှိစေရန် ဆောင်ရွက်ပေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags