အမေရိကန်၏ တစ်ဖက်သတ်ဆန်ရှင် ချမှတ်ခြင်းကို တရုတ်က ကန့်ကွက်ကာ ပြန်လည်ရုပ်သိမ်းခိုင်း

အမေရိကန်၏ တစ်ဖက်သတ်ဆန်ရှင် ချမှတ်ခြင်းကို တရုတ်က ကန့်ကွက်ကာ ပြန်လည်ရုပ်သိမ်းခိုင်း

ပေကျင်း၊ သြဂုတ် ၂၃ ။             ။ မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိနေသည်ဆိုသော တရုတ်နိုင်ငံမှ လူပုဂ္ဂိုလ်များနှင့် လုပ်ငန်းကုမ္ပဏီများကို အမေရိကန်က တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ချမှတ်လိုက်ခြင်းအား တရုတ်ဖက်က ပယ်ချလိုက်ကာ ဝါရှင်တန်အနေဖြင့် ပြန်လည်ရုပ်သိမ်းရန် တိုက်တွန်းလိုက်သည်။

တရုတ်နှင့်အတူ ရုရှကိုပါ စီးပွားရေးအားဖြင့် ဒဏ်ခတ်ပိတ်ဆို့ရာတွင် လုပ်ငန်းကုမ္ပဏီနှင့် လူပုဂ္ဂိုလ် တစ်ဆယ်ကျော်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆန်ရှင်ချမှတ်ဘိုက်ခြင်းသည် ကိုရီးယားကျွန်းဆွယ်အရေး တင်းမာမှု ဖြေရှင်းရာတွင် အကူအညီဖြစ်မည် မဟုတ်ကြောင်း ပေကျင်းက ပြောသည်။

"ကုလသမဂ္ဂ လုံခြံုရေးကောင်စီ မူဘောင်ကို ကျော်လွန်ပြီး တစ်ဖက်သတ်ချမှတ်တဲ့ ဆန်ရှင်တွေကို တရုတ်က ကန့်ကွက်ပါတယ်။ အထူးသဖြင့် ပြည်တွင်းဥပဒေအရ ဘယ်နိုင်ငံကမှ တရုတ် လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် တရားစီရင်တာမျိုး လက်မခံပါ။"ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟွာချွင်ယင်းက ပေကျင်းရှိ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"အမေရိကန်ကို ကျွန်မတို့ ခိုင်ခိုင်မာမာ တိုက်တွန်းပါတယ်။ ခုလို အမှားလုပ်တာမျိုးကို ချက်ချင်းပြင်ပါ။ ဒါမှ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် သက်ရောက်မှု မရှိမှာ ဖြစ်ပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

အမေရိကန်သည် မြောက်ကိုရီးယား ဒုံးကျည်စီမံကိန်းများ ရှေ့တိုးလုပ်ဆောင်ရာတွင် ထောက်ပံ့ကူညီမှု ရှိနေသည်ဆိုကာ တရုတ်နှင့် ရုရှတို့မှ လုပ်ငန်းကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များကို ဆန်ရှင်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly