ရဲဘော်မင်းဌေးကို စက်တင်ဘာလဆန်းတွင် ပြစ်ဒဏ် ချမှတ်နိုင်မည်

ရဲဘော်မင်းဌေးကို စက်တင်ဘာလဆန်းတွင် ပြစ်ဒဏ် ချမှတ်နိုင်မည်
ဓာတ်ပုံ-ဦးသူရ

သြဂုတ်လ ၂၃ ။          ။ မတရားအသင်း ပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲဘော် မင်းဌေး အမှုတွင် ကျောင်းသားအဖွဲ့မှ ဗဟိုဦးဆောင်ကော်မတီဝင် ဦးသူရကို နောက်ဆုံး တရားခံပြသက်သေအဖြစ် မိုးမောက်မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် နှစ်ဖက် လျှောက်လဲချက်များ တင်သွင်းပြီးနောက် လာမည့် စက်တင်ဘာ လဆန်းတွင် အမိန့် ချမှတ်နိုင်သည်ဟု ရဲဘော်မင်းဌေး၏ ဇနီး ABSDF မြောက်ပိုင်းကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းယဉ်က ပြောသည်။

“တရားခံပြသက်သေ ၂ ယောက်လည်း ပြီးပြီ။ အပြန်အလှန် လျှောက်လဲချက်တင်မယ်။ ၃၀ ရက်နေ့ ပြီးရင်တော့ နောက် တစ်ပတ်ပေါ့နော်။ ကြည့်ရတာ စက်တင်ဘာ လဆန်းပိုင်းလောက်မှာ အပြီးသတ် အမိန့်ချမှာပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။

ယနေ့ ရုံးချိန်းတွင် အစိုးရရှေ့နေဘက်မှ တရားခံပြ သက်သေ ဦးသူရအား ရဲဘော်မင်းဌေးနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်ဟု သူက ပြောသည်။

“ကိုသူရအနေနဲ့ ဘာတွေ သိသလဲဆိုတာဥစ္စာမျိုးပေါ့နော်။ ကိုသူရအနေနဲ့ကတော့ ကိုမင်းဌေးက ကျွန်မတို့ ABSDF က လုပ်တဲ့ ၂၁ ရာစုပင်လုံအတွက် ဆွေးနွေးပွဲတွေ လုပ်ဖို့အတွက် စီစဉ်တဲ့ အစည်းအဝေးကနေ အပြန်မှာ အဲဒီအစည်းအဝေးမှာ သူလည်း ပါတယ်ဆိုတဲ့အကြောင်းကို သက်သေပြတယ်။ ဘက်တံဆိပ်တွေ ထည့်လိုက်တာလည်း ဗဟိုကပေးလိုက်တာ ဟုတ်တယ်။ မှန်တယ်။ အဲဒါမျိုးကို ပြောတာ။ အဲဒီလောက်ပါပဲ”ဟု သူက ပြောသည်။

ABSDF တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီး မတရားအသင်းအဖြစ်လည်း ကင်းလွတ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း သြဂုတ်လ ၁၄ ရက်နေ့က အစိုးရရှေ့နေ၏ စစ်ဆေး မေးမြန်းမှုကို တရားခံပြသက်သေ ABSDF ဥက္ကဋ္ဌ ဦးသံခဲက ဖြေကြားထားသဖြင့် ရဲဘော်မင်းဌေးကို ပြစ်ဒဏ် မချမှတ်နိုင်ကြောင်း ဒေါ်နန်းယဉ်က ပြောသည်။

“သူတို့ ထွက်ချက်အရတော့ ကိုယ်တွေက အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဘဲ ဆိုတော့ သေချာတယ်လေ ဘယ်လိုမှ ပြစ်ဒဏ် ချစရာ အကြောင်းမရှိတာ။ နောက်ပြီးမှ သူသွားတဲ့ လမ်းကြောင်းကလည်း အများပြည်သူသွားနေတဲ့ လမ်းကြောင်း ဖြစ်တယ်လေ။ ပြီးတော့ ဘက်တံဆိပ်တွေကလည်း ကိုယ့်ဘတ်တံဆိပ် ဖြစ်တယ်ဆိုတော့ ကျစရာအကြောင်းတော့ မရှိဘူးပါဘူး”ဟု သူက ပြောသည်။

ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင် ရဲဘော်မင်းဌေးကို ဖမ်းဆီးခဲ့ပြီး ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ-၂၁ မှ ဗိုလ်ကြီး သက်ဆွေလင်းက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် တရာလို ပြလုပ်ခဲ့ရာ တရာလို သက်သေ ၁၀ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။

ယနေ့ထိ ရုံးချိန်း ၂၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားခံပြသက်သေ ၂ ဦးမြောက် ဦးသူရကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ယနေ့ ရုံးချိန်းသို့ ရဲဘော် မင်းဌေး လာရောက်ခဲ့သည်။ အပူများသဖြင့် ပါးစပ်တွင် အနာပေါက်နေသဖြင့် မိုးမောက်ဆေးရုံတွင် သွေးစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု ဒေါ်နန်းယဉ်က ပြောသည်။

ရဲဘော်မင်းဌေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ် မိုးမောက်မြို့နယ် စိန်လုံ စစ်ဆေးရေးဂိတ်တွင် တပ်မတော်က ဖမ်းဆီးခဲ့ပြီး ဗန်းမော် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly