စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေရှည်အကျိုးများနိုင်သော သဘာဝမြေသြဇာကို ပိုသုံးသင့်

စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေရှည်အကျိုးများနိုင်သော သဘာဝမြေသြဇာကို ပိုသုံးသင့်
ဓာတ်ပုံ-မင်းဟိန်းကိုလင်း

ပေါင်၊ သြဂုတ်၊ ၂၂ ။            ။ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေသြဇာများကို အလွန်အကျွံသုံးစွဲခြင်းထက် သဘာဝမြေသြဇာကို ပိုမိုသုံးစွဲခြင်းက စိုက်ပျိုးစရိတ် သက်သာရုံသာမက   မြေဆီလွှာ ပျက်စီးမှုလည်း မဖြစ်တော့ဘဲ ရရှိသော အသီးအနှံများမှာလည်း အဆီသြဇာဓာတ်ပြည့်စုံပြီး ဘေးထွက်ဆိုးကျိုး လွန်စွာနည်းပါးကြောင်း ပေါင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ကိုလှိုင်ဌေးက ပြောသည်။

"သဘာဝမြေသြဇာများ ဖြစ်ကြတဲ့ နွားချေး၊ ကြက်ချေးစသည့် ကျေးလက်အမှိုက်သရိုက် ရတနာသိုက် ဆိုသည့်အတိုင်း ထည့်နိုင်ရင်တော့ အကောင်းဆုံးပေါ့၊ နွားချေး၊ ကြက်ချေးမှာက အပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အချိုးညီမျှစွာ ပါ၀င်တယ်။ မြေဆီလွှာကိုလည်း ကောင်းမွန်စွာ ပြုပြင်ပေးနိုင်တယ် ဓာတ်မြေသြဇာကတော့ ချက်ချင်းတုံ့ပြန်မှုကောင်းတယ်။ မြေဆီလွှာကို ထိခိုက်ပျက်စီးနိုင်တယ်။ ရှေးယခင်အစဉ်အဆက်ကတည်းက မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြသော တောင်သူများမှာ သဘာဝမြေသြဇာ တစ်မျိုးတည်းကိုသာ အသုံးပြု စိုက်ပျိုးခဲ့ကြ ပါတယ်"ဟု လက်ထောက်ဦးစီးမှူး ကိုလှိုင်ဌေးက ပြောသည်။

ယခုနောက်ပိုင်းတွင် တောင်သူများမှာ လယ်ယာမြေသာရှိသော်လည်း ခိုင်းနွားများပြည့်စုံစွာ မရှိသည်က များပြီး ဓာတ်မြေသြဇာ၊ ကွန်ပေါင်းဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ ကလည်း အရည်အသွေး ပြည့်မီမှု ရှိ/ မရှိ မသိသော်လည်း အလွယ်တကူ ရရှိနေသဖြင့် အဆိုပါပစ္စည်းများကိုသာ အဓိက အားထားအသုံးပြုနေကြောင်း တွေ့ရသည်။

ထိုသို့ ဓာတ်မြေသြဇာများ အသုံးပြုနေကြသော်လည်း ယခင်က စပါးစိုက်လယ်တစ်ဧကတွင် နွားချေး လှည်း(၁၀)စီးမှ(၁၅)စီးထိ ထည့်ပြီး အသုံးပြုခဲ့ကြကာ အချို့လယ်ယာလုပ်ကိုင်သူများက သဘာဝမြေသြဇာ ဆက်လက်အသုံးပြုသူများလည်း ရှိနေသေးသည်။

သဘာဝမြေသြဇာ နွားချေးကို တစ်နှစ်တည်း ထည့်ပါက သုံးနှစ်ခန့် ကောင်းစွာ စိုက်ပျိုးနိုင်ပြီး မိမိတို့ပိုင်လယ်ယာမြေများကို တစ်နှစ်စီ အလှည့်ကျ ထည့်လျက် ရှိကြောင်း လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ဦးမွန်ချမ်းက ပြောသည်။

ယခင်က တောင်သူများမှာ စိုက်ပျိုးရေးနှင့်မွေးမြူးရေးကို ယှဉ်တွဲ၍ လုပ်ကိုင်ကြသောကြောင့် မွေးမြူထားသော တိရစ္ဆာန်များအတွက် လိုအပ်သော အစာကို လယ်ယာလုပ်ငန်းမှ ထွက်ရှိသော ကောက်ရိုး၊ မြက် စသည်တို့ဖြင့် ဖူလုံစွာ ကျွေးမွေးနိုင်ပြီး တဖန် စိုက်ပျိုးရေးအတွက် လိုအပ်သော မြေသြဇာကို မိမိတို့ မွေးမြူးထားသော တိရစ္ဆာန်များက လုံလောက်စွာ ရရှိသောကြောင့် ကုန်ကျစရိတ် သက်သာစေသည့်အပြင် ရာသီဥတု ကောင်းမွန်ပါက စိုက်သမျှ၊ သီးသမျှ အကျိုးကို ကောင်းမွန်စွာ ခံစားရမည်ဟု ဦးမွန်ချမ်း က ပြောသည်။

ဓာတုဗေဒပစ္စည်းများပါ၀င်သော အဆိုပါပစ္စည်းများကို အသုံးပြုကြခြင်းကြောင့် စိုက်ပျိုးစရိတ် ကြီးမားပြီး အကျိုးအမြတ်နည်းကာ မိမိတို့သားစဉ်မြေးဆက်လုပ်ကိုင်စားသောက်ကြရမည့် လယ်ယာမြေများလည်း တစ်စ တစ်စ ပျက်စီးမှုများလာကြကြောင်း ၎င်းက သုံးသပ်ပြောသည်။

ပေါင်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြကာ မွန်ပြည်နယ်တွင် လည်း စပါးစိုက်ဧက အများဆုံးဖြစ်ပြီး ယခင်နှစ်တွင် စပါးစိုက်ဧက ( ၁၅၂၀၅၉ )ဧက ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly