အိန္ဒိယမြောက်ပိုင်းတွင် မီးရထားတစ်စီး လမ်းချော်ပြီး ခရီးသည် ၄၂ ဦး ထက်မနည်း ဒဏ်ရာရ

အိန္ဒိယမြောက်ပိုင်းတွင် မီးရထားတစ်စီး လမ်းချော်ပြီး ခရီးသည် ၄၂ ဦး ထက်မနည်း ဒဏ်ရာရ

သြဂုတ် ၂၃ ။                   ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ သြဂုတ်လ ၂၃ ရက်အစောပိုင်းက မီးရထားတစ်စီး လမ်းချော်မှု ဖြစ်ပွားခဲ့ပြန်လို့ ခရီးသည် ၄၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ လေးရက်လောက်ကပဲ အလားတူ ရထားလမ်းချော်မှုတစ်ခုဖြစ်ခဲ့လို့ လူပေါင်း ၂၃ ဦး သေဆုံးခဲ့ပါသေးတယ်။

နိုင်ငံမြောက်ပိုင်း ဥတာပရာဒက်ရှ် ပြည်နယ်မှာ ယနေ့မနက် အာရုံမတိုင်ခင် မီးရထားက ထရပ်ကားတစ်စီးကို ၀င်တိုက်မိခဲ့လို့ တွဲပေါင်း ၁၂ တွဲ လမ်းချော်သွားခဲ့တာဖြစ်ကြောင်း အိန္ဒိယ မီးရထားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အေနီလ် ဆက်ဇန်နာက ပြောပါတယ်။

" ကယ်ဆယ်ရေးလုပ်ငန်းတွေ ကျွန်တော်တို့ အရေးပေါ်ဆောင်ရွက်ပေးနေပါတယ်၊ ဒဏ်ရာရသူအကုန်လုံးကို ဆေးရုံကို ပို့ပေးထားပါပြီ" ဆိုပြီး ၎င်းက ပြောပါတယ်။

ယခုလို မီးရထားလမ်းချော်မှု ဖြစ်စဉ်ဟာ နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးသော ပြည်နယ်မှာ တစ်ပတ်အတွင်း ဒုတိယမြောက် ဖြစ်ပေါ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မီးရထားလမ်းကွန်ရက်ကတော့ ကမ္ဘာပေါ်မှာ အကွာအဝေးအရ စတုတ္တမြောက် အကြီးဆုံးဖြစ်ပြီး နိုင်ငံမှာ နေ့စဉ် ခရီးသွားလာမှုတွေကို မီးရထားကိုပဲ အဓိကအားထားနေရ လျက်ရှိပါတယ်။ နိုင်ငံမှာ ခရီးသွား ၂၂ သန်း လောက် နေ့စဉ် မီးရထားနဲ့ သွားလာနေကြရလျက်ရှိတယ်လို့လည်း သိရပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required