တစ်သက်တာထူးချွန်အောင်မြင်မှုဆု ရရှိတော့မည် မင်းသားကြီးမော်ဂန်ဖရီးမန်း

တစ်သက်တာထူးချွန်အောင်မြင်မှုဆု ရရှိတော့မည် မင်းသားကြီးမော်ဂန်ဖရီးမန်း

အမေရိကန် ရုပ်ရှင်သရုပ်ဆောင်အစည်းအရုံးမှ လာမည့်ဇန်နဝါရီလတွင် ကျင်းပပြုလုပ်မည့် ဆုပေးပွဲအခမ်း အနားတွင် ဇာတ်ရုပ်အများအပြား၌ သရုပ်ဆောင်ခဲ့သော စွယ်စုံရမင်းသားကြီး မော်ဂန်ဖရီးမန်းကို ၂၀၁၇ခုနှစ် အတွက် တစ်သက်တာထူးချွန်အောင်မြင်ဆုအား ချီးမြှင့်ရန်စီစဉ်ထားသည်။

ရုပ်ရှင်ပေါင်း ၁၀၀ ကျော်၌ ပါ၀င်သရုပ်ဆောင်ခဲ့ပြီး အနုပညာသက်တမ်း ၅၀ ကျော်ခန့် ရှိပြီဖြစ်သော အသက် ၈၀အရွယ်ဖရီးမန်းသည် လာမည့်ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ်၌ ကျင်းပပြုလုပ်မည့် SAG ဆုပေးပွဲ၌ အဆိုပါဆုကိုရယူသွားမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးက အင်္ဂါနေ့က ကြေညာခဲ့သည်။

“အချို့သော သရုပ်ဆောင်တွေဟာ သူတို့ရဲ့ အနုပညာသက်တမ်းတစ်ခုလုံး ကောင်းမွန်တဲ့ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ခွင့်ရဖို့ စောင့်မျှော်နေကြပါတယ်။ ဒါပေမယ့် မော်ဂန်ကတော့ ကောင်းမွန်တဲ့ သရုပ်ဆောင်ချက် ဆိုတာ ဇာတ်ရုပ်မရွေးဘူးဆိုတာကို ကျွန်မတို့ကို ချပြနိုင်ခဲ့ပါတယ်” ဟု SAG ၏ ဥက္ကဌဖြစ်သူ ဂါဘရီရယ်လီ ကာတာရစ်က ကြေညာချက်ထဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

“သူဟာ တီထွင်မှုအားကောင်းသလို အကြောက်အရွ့ံကင်းတဲ့ သရုပ်ဆောင်ကောင်းတစ်ဦး ဖြစ်ပါတယ်” ဟု သူမက ဆက်ပြောခဲ့သည်။

သရုပ်ဆောင်လောကအတွက် ကောင်းမွန်သော အကြံဉာဏ်များကို ဖန်တီးပေးပြီး အဆင်မြှင့်တင်ပေးနိုင်သော ထူးချွန်သည့် သရုပ်ဆောင်များကို အမေရိကန်ရုပ်ရှင်အစည်းအရုံးမှ နှစ်စဉ်နှစ်တိုင်း တစ်သက်တာထူးချွန် အောင်မြင်မှုဆုကို ချီးမြှင့်လေ့ရှိသည်။

မင်းသားကြီးမော်ဂန်ဖရီးမန်းသည် ဇာတ်ရုပ်ပေါင်းစုံ၌ သရုပ်ဆောင်ခဲ့ဖူးပြီး Invictus နှင့် Deep Impact တို့တွင် သမ္မတဇာတ်ရုပ်မှ သရုပ်ဆောင်ခဲ့သလို ၂၀၀၅ခုနှစ်က သူကိုယ်တိုင် အော်စကာဆု ရရှိခဲ့သော Million Dollar Baby ဇာတ်ကား၌ လက်ဝှေ့သမားဟောင်းကြီးနေရာမှ သရုပ်ဆောင်ခဲ့သူဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required