V9 အကယ်ဒမီက ကစားသမားများ၏အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပေးလိမ့်မည်ဟု ဗာဒီပြော

V9 အကယ်ဒမီက ကစားသမားများ၏အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပေးလိမ့်မည်ဟု ဗာဒီပြော

သြဂုတ် ၂၃၊ အင်္ဂလန် ။               ။ လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီ၏ V9 အကယ်ဒမီ ပွဲကို Sky ရုပ်သံလိုင်းက မှတ်တမ်းရုပ်သံရိုက်ကူးပြီး ၎င်းတို့၏ရုပ်သံလိုင်းတွင် ပြသမည်ဖြစ်သည်။ V9 အကယ်ဒမီအကြောင်းကို စက်တင်ဘာလ ၁၆ ရက်နေ့က စတင်ပြီး Sky 1 ရုပ်သံလိုင်းတွင် အပိုင်းခြောက်ပိုင်းအထိ ပြသသွားမည် ဖြစ်သည်။

V9 အကယ်ဒမီကို ဗာဒီနှင့်အေးဂျင့်ဂျွန်မောရစ်တို့က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ အပျော်တမ်းကစားသမားများကို ပရော်ဖက်ရှင်နယ်ကလပ်အသင်းများတွင် ကစားနိုင်စေရန် ကူညီပေးဖြစ်သည်။ ၂၀၁၆ ခုနှစ်က စတင်ခဲ့သည့် V9 အကယ်ဒမီမှ ကစားသမားလေးဦးအထိ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည်။

V9 အကယ်ဒမီက အပျော်တမ်းလိဂ်မှ ကစားသမား ၄၂ ဦးကို ရွေးချယ်ပြီး လေ့ကျင့်သင်ကြားပေးပြီးနောက် ၁၄ ဦးသုံးသင်းခွဲကာ လူရွေးချယ်ပွဲ ပြုလုပ်ပေးခြင်း ဖြစ်သည်။

အပျော်တမ်းကစားသမားများသည် မန်စီးတီးအသင်း၏လေ့ကျင့်ရေးစင်တာတွင် ငါးရက်ကြာ နေထိုင်လေ့ကျင့်ခွင့်ရမည်ဖြစ်ပြီး အရွေးချယ်ခံရမည် ဖြစ်သည်။

ယခုပြသမည့် မှတ်တမ်းရုပ်သံတွင် ကျူပီအာနည်းစနစ်ဒါရိုက်တာ ခရစ္စရမ်ဆေး၊ အဲဗာတန်နှင့်ဆဲလ်တစ်နောက်ခံလူဟောင်း အလန်စတက်တို့က အဆင့်မြင့်ဘောလုံးပြိုင်ပွဲများတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာကို မည်ကဲ့သို့ လေ့ကျင့်ပြင်ဆင်ရပုံများ၊ ကြံ့ခိုင်မှုဆိုင်ရာ နည်းစနစ်များ၊ အားကစားသိပ္ပံဆိုင်ရာပညာရပ်များကို သင်ကြားပေးမှုများ ပါ၀င်မည် ဖြစ်သည်။ ထို့အပြင် ပါရမီရှိသည့် ဘောလုံးသမားရွေးချယ်ပုံများနှင့် ဘောလုံးပညာလေ့ကျင့်သင်ကြားပေးမှုများကိုလည်း ကြည့်ရှုရမည် ဖြစ်သည်။

“အပျော်တမ်းလိဂ်မှာ တကယ်ကောင်းတဲ့ကစားသမားတွေ ရှိပါတယ်။ ဒီရုပ်သံမှတ်တမ်းက ကစားသမားတွေကို အဆင့်အတန်း တစ်ခုရောက်အောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအနေနဲ့ ကလပ်နဲ့နိုင်ငံအတွက် ကစားပေးလိုတဲ့ ကစားသမားတွေရဲ့အိပ်မက်ကို V9 က ကူညီပေးနိုင်ပါလိမ့်မယ်” ဟု ဗာဒီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly