အာဖဂန်နစ္စတန်ရှိ တာလီဘန်များကို ဆန့်ကျင်အရေးယူပေးဖို့ ပါကစ္စတန်အား အမေရိကန်တိုက်တွန်း

အာဖဂန်နစ္စတန်ရှိ တာလီဘန်များကို ဆန့်ကျင်အရေးယူပေးဖို့ ပါကစ္စတန်အား အမေရိကန်တိုက်တွန်း

၀ါရှင်တန်၊ သြဂုတ် ၂၃ ။        ။ အာဖဂန်နစ္စတန်မှ တာလီဘန်များ၏လှုပ်ရှားမှုများကို တစ်မူထူးသော ကိုင်တွယ်ဖြေရှင်းနည်းနှင့် ဆန့်ကျင် အရေးယူပေးဖို့ ပါကစ္စတန်အနေဖြင့် သဘောတူလက်ခံပါက အမေရိကန်တို့ဘက်မှ အနာဂတ်တွင် အစ္စလာမ်မာဘတ်အစိုးရအား စစ်ရေးအရ ထောက်ပံ့သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်က အာဖဂန်နစ္စတန်၌ ကျင့်သုံးသွားမည့် ဗျူဟာအသစ်ကို တနင်္လာနေ့ညက ကြေညာခဲ့ ပြီးနောက်တွင် သတင်းထောက်များ၏ ထိုဗျူဟာနှင့်ပက်သက်၍   မေးမြန်းချက်ကို   တေလာဆန်က ဖြေကြားစဉ် ၌ ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

သူ၏ပြောကြားချက်ထဲ၌ လွန်ခဲ့သော နှစ်၂၀ကျော်က ပါကစ္စတန်အစိုးရ၏ အကူအညီဖြင့် စတင်ဖွဲ့စည်းခဲ့သည့် တာလီဘန်အဖွဲ့မှ အကြမ်းဖက်သမားများကို နျူကလီးယားပိုင်ဆိုင်သော ပါကစ္စတန်တို့က နိုင်ငံအတွင်း၌ ခိုလှုံခွင့်ပေးထားမှုအတွက် သမ္မတကြီးထရမ့်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“သမိုင်းအထောက်အထားအရ ပါကစ္စတန်နဲ့ အမေရိကန်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိခဲ့ကြပါတယ် ဒါပေမယ့် လွန်ခဲ့နှစ်အနည်းငယ်အတွင်းမှာပဲ နှစ်နိုင်ငံအစိုးရကြားက ယုံကြည်မှုတွေဟာ တဖြည်းဖြည်းယိုယွင်း လာပါတယ်” ဟု တေလာဆန်က အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဒါပေမယ့်ပါကစ္စတန်အစိုးရဟာ နိုင်ငံအတွင်းမှာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ခိုလှုံခွင့်ပေးထားတဲ့အတွက် ၄င်းအကြမ်းဖက်သမားများဟာ အာဖဂန်နစ္စတန်အတွင်းမှာ   ငြိမ်းချမ်းရေးကို   ဖော်ဆောင်နေတဲ့ ကျနော်တို့ရဲ့ အမေရိကန်တပ်သားတွေ အရာရှိတွေကို တိုက်ခိုက်ဖို့ လွတ်လွတ်လပ်လပ် အစီအမံတွေ ချမှတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေစတင်ပြီး ကျနော်တို့ကြားက အပြန်အလှန်ယုံကြည်မှုတွေ ယိုယွင်းလာခဲ့တာပါ” ဟု သူက ပြောခဲ့သည်။

ထို့ကြောင့် ၄င်းတို့၏ပိုင်နက်အတွင်း၌ ခိုလှုံနေကြသော သောင်းကျန်းသူများအပေါ် ပါကစ္စတန်တို့ဘက်မှ တင်းတင်းမာမာနှင့် ကိုင်တွယ်ဖြေရှင်းနေသည်ကို အမေရိကန်အနေဖြင့် တွေ့မြင်လိုကြောင်း တိုင်လာဆန်က ပြောခဲ့သည်။ ဒါ့အပြင် တာလီဘန်ခေါင်းဆောင်များကို အာဖဂန်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် တိုက်တွန်းပြောဆိုပေးဖို့ ပါကစ္စတန်အစိုးရအား တေလာဆန်က တောင်းဆိုခဲ့သည်။

“ကျနော်တို့ ပါကစ္စတန်နဲ့အတူ အပေါင်းလက္ခာဆောင်တဲ့ နည်းလမ်းအတိုင်းပဲ အတူလက်တွဲပြီး လုပ်ကိုင်သွား လိုပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ သူတို့ရဲ့လုပ်နည်းကိုင်နည်းတွေကို   ပြောင်းလဲဖို့လိုပါတယ်” ဟု တေလာဆန်က တိုက်တွန်းပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required