ဘာစီလိုနာအသင်း၏ တွစ်တာအကောင့်တိုက်ခိုက်ခံရ

.

သြဂုတ် ၂၃၊ ဘာစီလိုနာ။                      ။ ဘာစီလိုနာအသင်း၏တွစ်တာအကောင့်သည် ဗုဒ္ဓဟူးနံနက်အစောပိုင်းက တိုက်ခိုက် (hacked) ခံရပြီး ပီအက်စ်ဂျီအသင်းထံမှ ဒီမာရီယာကို   ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘရာဇီးကစားသမားနေမာသည် အသင်းနှင့်သဘောတူညီချက်ကိုပြီးမြောက်အောင်လိုက်နာခဲ့ခြင်းမရှိသဖြင့် တရားစွဲမည်ဟု ဘာစီလိုနာအသင်းက အင်္ဂါနေ့တွင်ကြေညာပြီး ၂၄ နာရီအကြာတွင် တွစ်တာ hacked ခံရခြင်းဖြစ်သည်။

ယင်းနောက်အခြေအနေအဆိုးဆုံးဖြစ်လာပြီး အသင်း၏တရားဝင်တွစ်တာတွင် “ဘာစီလိုနာကကြိုဆိုပါတယ် ဒီမာရီယာ”ဟု ရေးသားခဲ့သည်။

အကောင့်ပြန်ဆယ်နိုင်ရန် ကလပ်နှင့် ဟက်ကာများအကြားအပြန်အလှန်ကြိုးပမ်းနေစဉ်အတွင်း နောက်တစ်နာရီအကြာတွင် ယင်းစာသားမှာ ပျောက်လိုက်၊ ပေါ်လိုက်ဖြစ်နေခဲ့သည်။

ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဆော်ဒီအာရေဗျအဖွဲ့တစ်ဖွဲ့ဖြစ်သော OurMine ကဆိုထားပြီး အဆိုပါ အဖွဲ့သည် CNN သတင်းဌာန၏ facebook အကောင့်၊ ဖျော်ဖြေရေးကုမ္ပဏီ Netflix ၏ Twitter အကောင့်တို့ကို hacked ခဲ့သည့်အပြင် Marvel ၏ လူမှုကွန်ယက်အကောင့်၊ facebook တည်ထောင်သူ မာ့ခ်ဇူကာဘက်၏ လူမှုကွန်ယက်အကောင့်တို့ကို hacked ခဲ့သည်ဟု သတင်းထွက်ခဲ့သည့်အဖွဲ့ဖြစ်သည်။

Ref; goal.com