အီတလီငလျင်တွင် ပိတ်မိနေသည့် လသားအရွယ်အပါအဝင် ညီအစ်ကိုသုံးဦးအား ကယ်ထုတ်နိုင်

အီတလီငလျင်တွင် ပိတ်မိနေသည့် လသားအရွယ်အပါအဝင် ညီအစ်ကိုသုံးဦးအား ကယ်ထုတ်နိုင်

ရောမ၊ သြဂုတ် ၂၃ ။               ။ အီတလီနိုင်ငံတွင် လူနှစ်ဦး သေဆုံးခဲ့သည့် ပြင်းအား ၄ ဒဿမ ၀ အဆင့်ရှိ ငလျင်တွင် အပျက်အစီးများအောက် ပိတ်မိနေသည့် နောက်ဆုံးကလေးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်သည်။

အီတလီအပန်းဖြေကျွန်း အစ်ချီယာတွင် ငလျင်လှုပ်ပြီး ၁၆ နာရီအကြာ အပျက်အစီးများအောက်မှ အသက် ၁၁ နှစ်အရွယ် စီရိုဆိုသည့် ကလေးငယ်ကို အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင်ခြင်း   ဖြစ်သည်။

အစောပိုင်းက စီရို၏ အသက်ခုနစ်အရွယ်နှင့် ခုနစ်လသားအရွယ် ညီငယ်များကိုလည်း မီးသတ်သမားများက ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။

သြဂုတ် ၂၁ ရက် နေ့လည်ပိုင်းက ကာဆာမီစီယိုလာအရပ်မှ မြောက်ပိုင်း သုံးမိုင်ခန့် ဝန်းကျင်တွင် ငလျင် လှုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းငလျင်တွင် နှစ်ဦးသေဆုံးခဲ့ကာ ၃၉ ဦး ဒဏ်ရာရခဲ့သည်။

နေပယ်မြစ်ကမ်းတွင် ရှိသော အစ်ချီယာမြို့သည် လူဦးရေ ငါးသောင်းနီးပါး နေထိုင်ကာ ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုများရာ မြို့ဖြစ်သည်။

“ခြောက်ခြားစရာ ငလျင်အတွေ့အကြံုပါ။ အရာရာက လှုပ်ယမ်းနေတယ်။ မှောင်မည်းသွားတယ်။ အိမ်တွေ ပြိုကျကုန်တယ်။ တကယ်သွေးပျက်စရာပဲ။”ဟု ဒေသခံတစ်ဦးက တွစ်တာတွင် ရေးသည်။

“ကျွန်တော်က တီဗီကြည့်နေတာ။ ဒီအချိန်မှာ မှောင်သွားတယ်။ ပြီးတော့ ယမ်းခါလာတယ်။ ကျွန်တော် ခေါင်းပေါ် တစ်ခုခု ပြုတ်ကျတယ်။ ကျွန်တော် ကြောက်ပြီး အော်ပါတယ်။ အမေက ကျွန်တော်ကို ဆွဲခေါ်ပြီး ကျွန်တော်တို့ အပြင်ကို ထွက်ပြေးခဲ့ကြရတာဖြစ်တယ်။”ဟု နောက်တစ်ဦးက ဆိုသည်။

အစ်ချီယာမြို့သည် ၁၈၈၃ ခုနှစ်အတွင်းက ပြင်းအား ၅ ဒဿမ ၈ အဆင့်ရှိ အဆိုးဆုံး ငလျင်လှုပ်ခဲ့ပြီး လူပေါင်း ၂၀၀၀ ကျော်ထက်မနည်း သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required