ဟောင်ကောင်တွင် အမြင့်ဆုံး မုန်တိုင်း သတိပေးချက်ထုတ်ထား၊ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ ဖျက်သိမ်း

ဟောင်ကောင်တွင် အမြင့်ဆုံး မုန်တိုင်း သတိပေးချက်ထုတ်ထား၊ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာ ဖျက်သိမ်း

ဟောင်ကောင်၊ သြဂုတ် ၂၃ ။                    ။ အားပြင်းတိုင်ဖုန်းမုန်တိုင် ဟာတို ဝင်ရောက်မည်ဖြစ်ရာ ဟောင်ကောင်တွင် သြဂုတ် ၂၃ ရက်၌ မုန်တိုင်းသတိပေးချက် အမြင့်ဆုံးထုတ်ထားပြီး မိုးသည်းထန်ခြင်းများနှင့် လေပြင်းများ တိုက်ခတ်နေခြင်းတို့ကြောင့် စတော့ရှယ်ယာစျေးကွက်ပိတ်ထားရကာ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာလည်း ဖျက်သိမ်းလိုက်ရသည်။

မိုးလေဝသစောင့်ကြည့်သူများက မြို့၏ အမြင့်ဆုံး တိုင်ဖုန်း အဆင့်တစ်ဆယ်အထိ သတိပေးချက် မြှင့်တင်ထားရာ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ဟာရီကိန်းအဆင့် လေပြင်းများ တိုက်ခိုက်လာဖွယ် ရှိသည်။

ယခုကဲ့သို့ သတိပေးချက် တိုးမြှင့်ခြင်းသည် ငါးနှစ်အတွင်း ပထမဆုံးလည်းဖြစ်ကာ ဗြိတိန်လက်အောက်မှ တရုတ်သို့ ဟောင်ကောင် လက်လွှဲသည့် ၁၉၉၇ ခုနှစ်နောက်ပိုင်း တတိယအကြိမ်မြောက် တိုင်ဖုန်းအဆင့်တစ်ဆယ် သတိပေးချက် ထုတ်ရခြင်းလည်းဖြစ်သည်။

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ပြီး တိုင်ဖုန်းမုန်တိုင်းက တစ်နာရီ မိုင် ၁၀၄ မိုင်နှုန်း လေတိုက်နှုန်း ရှိမည်ဖြစ်ရာ ပင်လယ်လှိုင်းများ တစ်မီတာအထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ဆိုသည်။

တိုင်ဖုန်းမုန်တိုင်းသည် ပုလဲမြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ကာ နေ့လည်ပိုင်းတွင် ဟောင်ကောင်အနောက်ပိုင်း ၁၀၀ ကီလိုမီတာ ဝန်းကျင်အတွင်း တိုက်ခိုက်လာဖွယ်ရှိသည်။

မုန်တိုင်းကြောင့် ပင်လယ်လှိုင်းများ ဟောင်ကောင်ကမ်းရိုးတန်းတွင် ရိုက်ခတ်လျက်ရှိရာ ကူးတို့သင်္ဘော ပြေးဆွဲမှုများ ရပ်နားထားရသည်။ မြို့က ပုံမှန် လူစည်းကားနေကျ လမ်းများတွင်လည်း လူသူကင်းမဲ့လျက်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required