နေမာကို စာချုပ်ဖောက်ဖျက်မှုအတွက် ယူရို ၈.၅ သန်း ပေးဆောင်ရန် ဘာစီလိုနာအသင်း တရားစွဲဆို

နေမာကို စာချုပ်ဖောက်ဖျက်မှုအတွက် ယူရို ၈.၅ သန်း ပေးဆောင်ရန် ဘာစီလိုနာအသင်း တရားစွဲဆို
(ဓာတ်ပုံ - အီးပီအေ)

စပိန်ကလပ် ဘာစီလိုနာဟာ ၎င်းရဲ့ ကစားသမားဟောင်း နေမာကို စာချုပ်ဖောက်ဖျက်မှုအတွက် ယူရို ၈.၅ သန်း ပေးဆောင်ရန် တရားဥပဒေအရ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဘရာဇီးကစားသမားဟာ ယခုလအစောပိုင်းက ပြင်သစ်ကလပ် ပီအက်စ်ဂျီသို့ စာချုပ်လျော်ကြေး ယူရို ၂၂၂ သန်း (ပေါင်သန်း ၂၀၀)ဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။

ယခုအခါ ဘာစီလိုနာက အဆိုပါပြောင်းရွှေ့မှုမတိုင်ခင် ၉ လက နေမာကို ၅ နှစ် သက်တမ်းတိုး စာချုပ်,ချုပ်ဆိုခဲ့ချိန်က ပေးခဲ့တဲ့ အပိုဆုကြေးငွေအား ပြန်လည် ရလိုနေတာဖြစ်ပါတယ်။

"ကစားသမားဟာ စာချုပ်ဖောက်ဖျက်မှုကြောင့် သက်တမ်းတိုး စာချုပ်စဉ်က ပေးခဲ့တဲ့ အပိုဆုကြေး ယူရို ၈.၅ သန်းကို ပြန်ပေးရန်နှင့် ပေးချေရန် နောက်ကျမှုကြောင့် ထပ်ဆောင်း ၁၀ ရာခိုင်နှုန်းကို အလိုရှိကြောင်း ကလပ်အသင်းက တောင်းဆိုပါတယ်။ "လို့ ဘာစီလိုနာက ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။

အဆိုပါ တရားစွဲဆိုမှုကို ဘာစီလိုနာရှိ အလုပ်သမားရေးရာခုံရုံးမှာ သြဂုတ် ၁၁ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကြေညာချက်က "ကစားသမားဟာ သူ့ကိုယ်တိုင် ပေးဆောင်မှု မပြုလုပ်နိုင်ပါက ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီပေးချမှုတွေအတွက် တာဝန်ယူဖို့လည်း ကလပ်အသင်းက တောင်းဆိုပါတယ်။"လို့ ဆက်လက် ဖော်ပြခဲ့ပါတယ်။

နေမာက တဖက်သတ် စာချုပ်အဆုံးသတ်ဖို့ စာချုပ်လျော်ကြေးပေးဆောင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ သဘောမတူမှုကို လူသိရှင်ကြား ဆက်လက် ထုတ်ဖော်ပြသနေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာမှာ အလွန်ကောင်းမွန်တဲ့ ၄ နှစ်တာ ကစားခဲ့ပြီးနောက် ကလပ်ဘုတ်အဖွဲ့ဝင်တွေကို အလွန်စိတ်ပျက်မိတယ်လို့ နေမာက မကြာသေးခင် ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။

Ref; EFE_EPA, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags