ဆော်ဒီတွင် ကျင်းပသော ဘုရားဖူးပွဲတော်သို့ သွားသည့် မြန်မာနိုင်ငံမှ Hajj ဘုရားဖူးအရေအတွက် ၂၀ ရာခိုင်နှုန်း မြင့်တက်

ဆော်ဒီတွင် ကျင်းပသော ဘုရားဖူးပွဲတော်သို့ သွားသည့် မြန်မာနိုင်ငံမှ Hajj ဘုရားဖူးအရေအတွက် ၂၀ ရာခိုင်နှုန်း မြင့်တက်
ဓာတ်ပုံ-သက်ကို
 

သြဂုတ် ၂၂ ။             ။ ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပသည့် အစ္စလမ်ဘာသာဝင်တို့၏ ဘုရားဖူးပွဲတော်သို့ သွားရောက်သည့် မြန်မာနိုင်ငံမှ Hajj ဘုရားဖူးအရေအတွက်မှာ ယခုနှစ်တွင် ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဆော်ဒီသံအမတ်ကြီးက မဇျ္စိမသို့ ပြောသည်။

ယမန်နှစ်က ဆော်ဒီဘုရားဖူးပွဲတော်သို့ သွားသည့် Hajj ဘုရားဖူးအရေအတွက် ၃,၈၀၀ နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ဘုရားဖူးဦးရေ ၄,၅၀၀ ရန်ကုန်ရှိ ဆော်ဒီသံရုံး၌ လာရောက်လျှောက်ထားပြီး ဗီဇာများ ရရှိသွားခဲ့ကြောင်း ဆော်ဒီ သံအမတ်ကြီး Sahal M.Ergesous က သြဂုတ် ၂၂ ရက်တွင် မဇျ္စိမသို့ ပြောခြင်း ဖြစ်သည်။

၎င်းတို့ထဲတွင် မြန်မာအစိုးရက ရွေးချယ်သည့် ဘုရားဖူးဦးရေ ၂၈၀ လည်း ပါ၀င်ကြောင်း သံအမတ်ကြီး Ergesous က ပြောသည်။

အလားတူ ဆော်ဒီ ဘုရင် Salman bin Abdulaziz Al Saud ၏ အထူးဧည့်သည်တော်များအဖြစ် ဘုရားဖူး ဆယ်ဦးကို ဆော်ဒီအစိုးရက ရွေးချယ်ပေးခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

သြဂုတ် ၂၂ ရက်က ဆော်ဒီသံရုံးတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ အဆိုပါ အထူးဧည့်သည်တော် ဆယ်ဦးအား အထူးအဆောင်အယောင်ပစ္စည်းများ သံအမတ်ကြီး Ergesous က လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။ ယင်း ပစ္စည်းများထဲတွင် အဖြူရောင်ဝတ်စုံ၊ ဘုရားဖူးများ၏ အမည်များရေးထိုးထားသော လက်ပတ်များ၊ အခြား လိုအပ်သည့် ပစ္စည်းများ ပါ၀င်သည်ဟုလည်း သိရသည်။ အလားတူ ၎င်းဘုရားဖူးဆယ်ဦးအတွက် လိုအပ်သည့် လေယာဉ်လက်မှတ်များနှင့် ဆော်ဒီဗီဇာနှင့်အတူ တံဆိပ်တုံးနှိပ်ထားသည့် ပတ်စပို့များ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

" ဆော်ဒီဘုရင်ရဲ့ အထူးဧည့်သည်တော်များစာရင်းမှာ ပါ၀င်ခွင့်ရလို့ ကျွန်တော်အထူး ဂုဏ်ယူရပါတယ်၊ ဒါဟာ အိပ်မက်တွေ လက်တွေ့ဖြစ်လာခြင်းပါ" ဆိုပြီး မော်လမြိုင်တက္ကသိုလ် သမိုင်းဌာန ဌာနမှူးဟောင်း ဒေါက်တာမောင်မောင်က ပြောသည်။

အလားတူ စာအုပ်ဖြန့်ချီသူတစ်ဦးဖြစ်သည့် ဦးအေးချိုကလည်း " ဒါဟာ ကျွန်တော့်အတွက်တော့ ကြီးကျယ်ကောင်းမွန်ပါတယ်" ဟု ပြောသွားသည်။

အထူးဧည့်သည်တော်များထဲတွင် ဘာသာရေးခေါင်းဆောင်များနှင့် အစ္စလမ် ပညာတတ်ပုဂ္ဂိုလ်တစ်ချို့တို့လည်း ပါ၀င်ကြောင်းသိရသည်။

အလားတူ ဆော်ဒီ စီးပွားရေး အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ရင်းနှီးမြုှပ်နှံရန် လွန်စွာ စိတ်အားထက်သန် နေကြောင်း သံအမတ်ကြီး Ergesous က ပြောသွားသေးသည်။

" မြန်မာအစိုးရက ရင်းနှီးမြုပ်နှံမှု ဥပဒေကို အပြီးသတ်လုပ်ဆောင်ပေးနိုင်မယ့်အချိန်ကို သူတို့ စောင့်ဆိုင်းနေကြပါတယ်၊ အဲဒါပြီးတာနဲ့ မြန်မာနိုင်ငံရဲ့ နယ်ပယ်ကဏ္ဍတော်တော်များများမှာ ဆော်ဒီရဲ့ ရင်းနှီးမြုှပ်နှံမှုတွေ မြင်ရဖို့ ရှိပါတယ်" ဟု ဆိုသည်။

အလားတူ ယခုနှစ် Hajj ဘုရားဖူးပွဲတော်သို့ တက်ရောက်ရန် ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူး တစ်သန်းကျော် ဆော်ဒီသို့ ရောက်နှင့်နေပြီ ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောသွားသေးသည်။

" ဘုရားဖူးတွေ လာတဲ့ကိစ္စနဲ့ နိုင်ငံရေးကို ကျွန်တော်တို့ ရောထွေးမပစ်ပါဘူး" ဟုလည်း ၎င်းက ထပ်လောင်း ပြောသည်။ ဆော်ဒီအာရေဗျအနေဖြင့် အီရန်၊ ကာတာတို့နှင့်အကြား ပြဿနာများ ရှိနေခဲ့သော်ငြားလည်း အဆိုပါ နိုင်ငံများမှ ဘုရားဖူးများကိုမူ Hajj ဘုရားဖူးပွဲတော်သို့ တက်ရောက်လာရန် ဗီဇာများ ထုတ်ပေးနေလျက်ရှိကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required