တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမေရိကန် ကူညီမည်

တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမေရိကန် ကူညီမည်

ရန်ကုန်၊ သြဂုတ် ၂၂ ။            ။ တရားဥပဒေစိုးမိုးရေး နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ၀ါရှင်တန်က မြန်မာအစိုးရအကို အကူအညီပေးမည့်စာချုုပ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ်နှင့် မြန်မာနိုင်ငံ ခေတ္တရဲချုပ် ရဲမှုးချုပ် အောင်ဝင်းဦးတို့ သဘောတူလက်မှတ်ရေး ထိုးခဲ့ကြောင်း အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်သည်။

“ မြန်မာနိုင်ငံအစိုးရက ပြည်သူတွေကို ကာကွယ်ပေးပြီး ပြည်သူ့အကျိုးသယ်ပိုးရာမှာ အမေရိကန်ပြည်ထောင်စု က အကူအညီပေးဖို့ သန္နိဋ္ဌာန်ချထား ပါတယ်၊ နိုင်ငံဖြတ်ကျော်မှုခင်းများနဲ့  အပြည်ပြည်ဆိုင်ရာ လုံခြံုရေးခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်အတွက် အစိုးရအင်စတီကျူးရှင်းတွေနဲ့ လက်တွဲ ဆောင်ရွက်သွားရေးဟာ အမေရိကန်အစိုးရ ကိုယ်စားပြု ကျွန်တော်တို့ သံရုံးရဲ့ အဓိကရည်မှန်းချက် ဖြစ်ပါတယ်” ဟု သံအမတ်ကြီး မာစီရယ်လ်က ပြောကြားကြောင်း သြဂုတ် ၂၂ ရက် ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနည်းကျ ထိရောက်၍ တရားမျှတသော တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးလာစေရန် အမေရိကန်ပြည်ထောင်စုက ခိုင်မာစွာ အကူအညီ ပေးသွား မည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

ထို့အပြင် ယခုနှစ်တွင် မြန်မာ့တရားရေးကဏ္ဍခိုင်မာစေရေးအတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံရှေ့နေချုပ်ရုံးနှင့် ပို၍ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ သဘောတူလက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ခိုင်မာစေရေး အတွက် အမေရိကန်ပြည်ထောင်စု၏ အလေးအနက်ထားမှုကိုလည်း ပေါ်လွင်စေသည်ဟု   ဖော်ပြထားသည်။

၀ါရှင်တန်အနေဖြင့် မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ တရားရုံးများ၊ ဥပဒေအရာရှိများနှင့် ရဲများအပါအဝင် တရားဥပဒေစိုးမိုးရေးကဏ္ဍများအား နည်းပညာလေ့ကျင့်သင်တန်း ပေးခြင်း၊ ရုပ်ဝတ္ထုအကူအညီပေးခြင်းတို့အတွက် ကန်ဒေါ်လာ ၁၁ သန်းကျော် ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေး သားထားသည်။
ဓာတ်ပုံ-အမေရိကန်သံရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly