ကဆုန့် စစ်ဘေးရှောင် ၁၁၀၀ ကျော် နေရပ်သို့ ကောင်းမွန်စွာ ရောက်ပြီ

ကဆုန့် စစ်ဘေးရှောင် ၁၁၀၀ ကျော် နေရပ်သို့ ကောင်းမွန်စွာ ရောက်ပြီ
ဓာတ်ပုံ- Thomas nhkang FB

ချင်းမိုင်၊သြဂုတ်လ ၂၂  ။          ။  တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သော ကဆုန့်ကျေးရွာမှ ရွာသားများ နှင့် ဇွပ်မိုင်ကျေးရွာသား ၁၁၀၀ ကျော်သည် သြဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မိမိတို့ နေရပ်သို့ ကောင်းကောင်းမွန်မွန်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီတွင် စတင်ထွက်ခွာခဲ့ပြီး မွန်းလွဲပိုင်း ၂ နာရီခွဲချိန်တွင် စစ်ဘေးရှောင်များကို ကချင်ပြည်နယ် အစိုးရ ဝန်ကြီးဌာန ရုံးမှ တာဝန်ရှိသူများ၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)၊ နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC)နှင့် ကက်သလစ်အသင်းတော်မှ ဘုန်းတော်ကြီးများက ကားအစီး ၁၀၀ ကျော်ဖြင့် လိုက်ပါ ပို့ဆောင်ပေးခဲ့ပြီး မိမိတို့ နေအိမ်များသို့ ရောက်ရှိနေပြီ   ဖြစ်ကြောင်း နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

“အခုပဲ ကဆုန့်ကို ရောက်ပြီး အားလုံးကိုယ့်အိမ်ကို ပြန်ကြပြီ။ သူတို့ နေအိမ်တွေတော့ အပျက်အစီး တချို့တော့ ရှိတယ်။ အများပိုင်းတော ့မရှိပါဘူး။ ကက်သလစ်ဘုရားကျောင်းကတော ့ အပျက်အစီး တွေရှိတယ်။ နှစ်ခြင်းဘုရားကျောင်းမှာတော့ အပျက်အစီး မရှိဘူး။ အခုတော့ ကလေးတွေ ကျောင်းဆက်တက်ဖို့၊ သူတို့လယ်ယာတွေ လုပ်ကိုင်ဖို့ပဲ ရှိတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

“တပ်ဘက်ကရော၊ ကေအိုင်အိုရော PCG နဲ့ ဘာသာရေးခေါင်းဆောင်တွေ အားလုံုးညှိနှိုင်းပြီးမှ သဘောတူညီချက်တွေနဲ့ ခုကောင်းကောင်း မွန်မွန်ရောက်သွားတာပေါ့”ဟု သူက ပြောသည်။

ဇွပ်မိုင်ယန်ကျေးရွာသား ၂၀၀ ကျော်သည်လည်း ယနေ့ ကဆုန့်ကျေးရွာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး မနက်ဖြန်တွင် ၄င်းတို့ ကျေးရွာသို့ ပြန်ကြမည် ဖြစ်ပြီး ကဆုန့်စစ်ဘေးရှောင်များအား ပထမဆုံး နေရပ်ပြန်ပို့ဆောင်နိုင်ခြင်း အပေါ် ဝမ်းသာပြီး တခြားစစ်ဘေးရှောင်များလည်း နေရပ်ပြန်နိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

“အရမ်းဝမ်းသာတယ်။ ဘာကြောင့်လဲဆိုတော့ ကြပ်ကြပ်တည်းတည်း မြို့ထဲမှာ ခက်ခက်ခဲခဲ စခန်းမှာ နေရမဲ့အစား၊ အခုလို ကိုယ့်ရပ်ကိုယ်ရွာ ပြန်ပြီးမှ ကိုယ့်ရဲ့ ခြံမြေ၊ ကိုယ့်ရဲ့ တိရိစ္ဆာတွေနဲ့ ပြန်ပြီးမှ နေခွင့်ရတာကိုတော့ ဒီလို ပမထဆုံးအကြိမ်လည်း ဖြစ်တယ်။ ဒိီလိုဆက်ပြီးမှ ကြိုးစားပြီးမှ နေရပ်ပြန်နိုင်ရေးကို ဆောင်ရွက်ဖို့ ရှိတယ်ဆိုတာ ပြောချင်ပါတယ်”ဟု သူက ပြောသည်။

အလားတူ ကဆုန့်စစ်ဘေးရှောင် ဦးဇော်နန်ကလည်း “ကျွန်တော်တို့က လာတုန်းက ဘာပစ္စည်းမှ မပါလာဘူး။ တိရိစ္ဆာန်တွေလည်း အကုန်လည်း ပစ်ထားခဲ့တာ။ လယ်ယာ၊ ကျွဲတွေလည်း ဒီအတိုင်းလွှတ်ထားတာ။ ဒါပေမဲ့ အခုတော့ အားလုံးကို ကူညီပေးလို့ အိမ်ပြန်နိုင်တာကိုပဲ အရမ်းပျော်ပါတယ်”ဟု သူက ပြောသည်။

ကဆုန့်စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ်အစိုးရဝန်ကြီးချုပ် အပါအဝင် အမှတ် ၃ စစ်ဆင်ရေး ကွပ်ကဲရေးမှု ဌာနချုပ်(စကခ)မှ အရာရှိများနှင့် PCG တွေ့ဆုံစဉ် တပ်မတော် စစ်ကြောင်းများလည်း မရှိတော့သဖြင့် စစ်ရှောင်များ နေရပ်ပြန်နိုင်ကြောင်း ပြောဆိုခဲ့သဖြင့် နေရပ် ပြန်နိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

သြဂုတ်လ ၁၁ ရက်နေ့က KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ တပ်ဖွဲ့များနှင့် တပ်မတော် တို့အကြား ကဆုန့်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံများ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်မှ စတင်၍ တပ်မတော်နှင့် ကေအိုင်အေတို့အကြား တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်ဘေးရှောင် ၁ သိန်းကျော် အိုးအိမ်စွန့် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required