မလေးရှားဆီးဂိမ်းတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရသည့်ကိစ္စ မလေးတာဝန်ရှိသူများ နှင့် မြန်မာအစိုးရ ညှိနှိုင်းနေ

မလေးရှားဆီးဂိမ်းတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရသည့်ကိစ္စ မလေးတာဝန်ရှိသူများ နှင့် မြန်မာအစိုးရ ညှိနှိုင်းနေ
ကလန်းဥတ္တမ ဘက်မှ ဘောလုံးကွင်တွင်အရိုက်ခံရသော လူနာ မောင်မျိုးအား တွေ့ရစဉ်။ ဓာတ်ပုံ-နှလုံးလှ ပရဟိတ အဖွဲ့

ရန်ကုန်၊ သြဂုတ် ၂၂ ။             ။ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုကို မလေးရှားနိုင်ငံ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး   ဖြစ်သည်ဟု အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

သြဂုတ် ၂၁ရက် ညက ဆီးဂိမ်းပြိုင်ပွဲတွင် မလေးရှား ယူ (၂၂) အသင်း နှင့် မြန်မာ ယူ(၂၂)အသင်းတို့ ယဉ်ပြိုင်ကစားသည့် ပွဲစဉ်အပြီးတွင် မြန်မာဘောလုံးအသင်း၏ ပရိတ်သတ်များ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး "ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အရာရှိကြီးတွေလည်း ထပ်လိုက်သွားဖို့ ရှိပါတယ်။ လိုအပ်တာတွေ အားလုံး မှာကြားထားပြီး ဖြစ်ပါတယ်" ဟု ဦးဇော်ဌေးက ရေးသားထားသည်။

မလေးရှား-မြန်မာ အုပ်စုပွဲစဉ်အပြီး Shah Alam ဘောလုံးကွင်းမှ အထွက်တွင် ကိုမင်းစိုးဆိုသူ ရိုက်နှက်ခံရခြင်းဖြစ်ပြီး Shah Alam ဆေးရုံကြီးအရေးပေါ်၌ ဦးခေါင်းကွဲ မေးရိုးကွဲ ဒဏ်ရာများဖြင့် တက်ရောက်ကုသနေရသည်။ အဆိုပါ ရိုက်နှက်ခံရသော ကိုမင်းစိုး၏ ဓာတ်ပုံများမှာ သြဂုတ် ၂၁ရက် ညကတည်းက လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည်။

နောက်တစ်ဦးမှာလည်း အရိုက်နှက်ခံရပြီး ဦးခေါင်း၊ မျက်နှာ၊ လက်၊ ခြေထောက်များတွင် ဒဏ်ရာရရှိခဲ့ပြီး အခြား မြန်မာပရိသတ်အချို့လည်း ရိုက်နှက်ခံရကာ ပရဟိတ စုပေါင်းကူညီရေး အဖွဲ့ထဲမှ နှလုံးလှအဖွဲ့ဝင်များဖြစ်သော မောင်ရဲမိုးအောင် နှင့် မောင်ဝဏ္ဏတို့ နှစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ရေးသားထားချက်အရ အရိုက်နှက်ခံရသည့် မြန်မာနိုင်ငံသားများထံ သွားရောက်မေးမြန်းပြီး အားပေးကူညီရန် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အမှန်သိရှိနိုင်ရန် မလေးရှားတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်လုပ်ဆောင်နေပြီးဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly