Ooredoo Enjoy the Internet

Shop.com.mm

အသက်အရွယ်နဲ့ မလိုက်အောင် လက်စွမ်းတက်လာတဲ့ ခရစ္စတီယန်လီး

.

ကီနူးဆူဘာဟာ မလေးရှားကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲရဲ့ ဖယ်သာဝိတ်ချန်ပီယံဖြစ်ပြီး One Championship မှာ နိုင်ပွဲ ၅ ပွဲ ရထားတဲ့သူဖြစ်ပါတယ်။ နိုင်ပွဲ လေးပွဲမှာ ပြိုင်ဘက်ကို ပထမအချီနဲ့တင် အဆုံးသတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

စစ်သည်တော်လို့ အမည်ပြောင်ရတဲ့ ခရစ္စတီယန်လီးကတော့ အသက် ၁၉ နှစ်သာ ရှိသေးပြီး ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲအတွက် သူ့ဘ၀တစ်ခုလုံးကို ပေးထားတဲ့သူ ဖြစ်ပါတယ်။

မလေးရှားဖိုက်တာ ဆူဘာက ၂၃ နှစ်၊ စင်ကာပူဖိုက်တာ လီးက ၁၉ နှစ်ဖြစ်လို့ နှစ်ဦးစလုံးက ငယ်ရွယ်ပြီး သွက်လက်လွန်းပါတယ်။ ပွဲစလွှတ်လိုက်ကတည်းက သူထိုး၊ ကိုယ်ထိုး အပြိုင်ထိုးခဲ့ကြပြီး ဘယ်ညာတွဲလုံးတွေက မြန်ဆန်လွန်းလှပါတယ်။ လက်သီးထိုးချက်တွေရဲ့နောက်မှာ ကန်ချက်တွေက တရစပ်တွဲပါလာတတ်ပြီး ကန်ချက်လွဲသွားရင် လူတစ်ကိုယ်လုံးပစ်ဝင်ပြီး ချုပ်လှဲဖို့ ကြိုးစားကြပါတယ်။

ခရစ္စတီယန်လီးက လူချင်းလုံးပြီး ထိုးသတ်ဖို့ ကြိုးစားပေမယ့် ဆူဘာရဲ့ တွဲလုံးလက်သီးတွေ ကန်ချက်တွေက လီးကို ထင်သလို လုပ်လို့မရအောင် ကာဆီးထားပါတယ်။ ဒုတိယအချီဝက်လောက်မှာ ခရစ္စတီယန်လီးချုပ်ခွင့်ရသွားပြီး အပေါ်စီးကနေ ထိုးသတ်ခဲ့ပါတယ်။ ဒူးတိုက်ချက်တွေနဲ့လည်း ဆူဘာကို အထိနာစေခဲ့ပါတယ်။ ဒုတိယအချီပြီးခါနီးမှာ ခရစ္စတီယန်လီးက ချုပ်ပြီး ပွဲကို အဆုံးသတ်ကာနီးမှာ အချီပြည့်သွားလို့ ဆူဘာ ကံကောင်းသွားခဲ့ပါတယ်။

တတိယအချီမှာတော့ သက်လုံကျသွားတဲ့ ဆူဘာဟာ လီးရဲ့ ချုပ်ကိုင်မှုကို ခံခဲ့ရပါတော့တယ်။ လီးဟာ သူ့ရဲ့ ခြေထောက်တစ်ချောင်းကို နောက်တစ်ချောင်းရဲ့ဒူးနဲ့ခြေသလုံးကြားမှာ ညှပ်ပြီး ဆူဘာရဲ့ ခေါင်းနဲ့လက်ကို ညစ်ထားခဲ့ပါတယ်။ တတိယအချီ ၂ မိနစ်နဲ့ ၂၂ စက္ကန့်မှာတော့ ဆူဘာဘယ်လိုမှ မခံနိုင်တော့ပဲ လက်ပုတ်ကာ အရှုံးပေးလိုက်ရပါတော့တယ်။

ခရစ္စတီယန်လီးဟာ အသက်အရွယ်နဲ့မလိုက်အောင် ပြိုင်ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက လီးအတွက် ၇ ပွဲမြောက်နိုင်ပွဲ ဖြစ်ပါတယ်။ ဆူဘာအတွက်တော့ ၅ ပွဲနိုင် ၃ ပွဲရှုံးမှတ်တမ်းဖြစ်သွားခဲ့ရပါတယ်။