ပွဲတော်တွေ နွှဲပျော်စေ

ပွဲတော်တွေ နွှဲပျော်စေ

ပြီးခဲ့တဲ့ နှစ်များက ငြိမ်းချမ်းရေး စာပေပွဲတော်တို့၊ ငြိမ်းချမ်းရေး ကပွဲသဘင်တို့ ငြိမ်းချမ်းရေး ဟိုဟာဒီဟာတို့ဆိုပြီး ဗမာပြည်မှာ အတော်လေး ကျင်းပခဲ့ကြတာ သတိထားမိတယ်။ ပွဲတွေဘာတွေဆိုတာကလည်း သိတဲ့အတိုင်းပဲ ရေးကြသားကြ ပြောကြဟောကြ ဆိုကြကကြနဲ့ ပြီးတော့လည်း ပြီးသွားတာပါ။ တကယ့် ငြိမ်းချမ်းရေးကလည်း အဲဒီပွဲတွေအတိုင်းပါခင်ဗျ။ အခုလည်း ကျင်းပနေပြန်တာက ငြိမ်းချမ်းရေး သီချင်းဆိုပြိုင်ပွဲတဲ့၊ မြို့ကြီးများအနှံ့ အကျယ်အပြန့် ကျင်းပလာတာ တွေ့ရပါတယ်။ ဆုကတော့ ဘယ်လိုပေးမယ် မသိဘူး။ မောင်မှန် သဘောဆိုရင်တော့ ပထမဆုအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါပုဒ်မ ၄၃၆ ကို ပြင်ခွင့် ပေးလိုက်မယ်။ ဒုတိယက ၅၉(စ) ပြင်ခွင့်ပေါ့။ တတိယကျ (အခုဟော့နေတဲ့) ၆၆ဃ ကို ဖျက်သိမ်းပေးမယ်။

ဦးစီးစီစဉ်တဲ့အထဲ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ပါတယ်လေ။ ဝန်ကြီးဌာနဆိုတာ အစိုးရပဲမို့လား။ အဲဂလောက် ကလေးများ လုပ်ပိုင်ခွင့်ရှိရင် အတော်ကောင်းမယ်ထင်တာပဲ။ (တကယ့်ငြိမ်းချမ်းရေးနဲ့လည်း အတော်နီးသွားမယ် ထင်တာပဲ) နောက်ပြီး ၄၃၆ တို့ ၅၉(စ)တို့ဆိုတာ ခုနေခါမှာ သုံးလုံးဂဏန်းလိုလို၊ နှစ်လုံးဂဏန်းလိုလို ဖြစ်သွားပြီး လူထုကြား တာမသွား၊ နိုင်ငံရေးသမားတွေကြား ခေတ်မစားတော့တာကိုလည်း မောင်မှန် မချင့်မရဲ ဖြစ်မိလို့ပါ။ တကယ်တော့ အဲဒီ ပုဒ်မအားလုံးဟာ ဒီမိုကရေစီအင်အားစုတွေ အာဏာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ အမြဲတစေ ပြင်ဖို့ ကြိုးစားနေရမယ့် အရာတွေလို့ မောင်မှန် သဘောပေါက်ထားလို့ပါ ခင်ဗျာ။

မကြာမီလာမည်ဆိုတဲ့ နောက်တစ်ပွဲကတော့ မြန်မာ့ ဒီမိုကရေစီပွဲတော်တဲ့၊ (မြန်မာ့ဆိုရှယ်လစ် ပွဲတော်ကတော့ ၂၆ နှစ်တိုင်တိုင် ကျင်းပပြီးစီးသွားခဲ့ပါပြီ။ တပြည်လုံးလည်း မွဲပြာကျသွားခဲ့ပါပြီ) နိုင်ငံနဲ့ လူမျိုးရဲ့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာ မြင့်မားစေဖို့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့နေရာမှာ ခံယူလုပ်ဆောင်ရမယ့် ဒီမိုကရေစီ ကျင့်စဉ်နဲ့ စိတ်ထားတွေ တိုးပွားရှင်သန်စေဖို့ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး မြန်မာ့ဒီမိုကရေစီပွဲတော်ကို ရုပ်ရှင်ပြပွဲ၊ အငြိမ်ပြိုင်ပွဲ၊ ပဒေသာကပွဲ၊ (ရုပ်ရှင်၊ ဂီတ၊ သဘင်) တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း   နိုင်ငံပိုင်သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ ဒီပွဲလည်း ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးကျင်းပမယ့် သဘောပါပဲ)ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကတော့ အကြီးကြီးတွေပဲနော်။ ကိုယ့်ကျင့်တရားတွေ ဂုဏ်သိက္ခာတွေ ဒီမိုကရေစီစိတ်ဓာတ်တွေ ကျင့်စဉ်တွေ စုံနေတာပဲ။ ကျင်းပမယ့်နေ့ကလည်း ကြည့်ဦး၊ စက်တင်ဘာလ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိတဲ့။ အမလေး သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ဆိုတဲ့ အတိုင်းပဲ မြန်မာဆိုရှယ်လစ် အဆုံးသတ်ပြီး မြန်မာ့ဒီမိုကရေစီစတင်တဲ့ ရက်သတ္တပါတ်နဲ့ တစ်ထပ်တည်း သွားကျနေတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အဆုံးသတ်သွားပြိး တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးသာ လိုတော့တဲ့ အချိန်မှာ ကယ်တင်ရှင်ပေါ်လာပြီး မြန်မာ့ဒီမိုကရေစီ ခရီးကို စတင်လျှောက်လှမ်းခဲ့တဲ့ နေ့မဟုတ်လား။ အမှတ်တမဲ့မှ အမှတ်တရသို့ပေါ့။ အဲဒီတုန်းကများဆို တစ်တိုင်းပြည်လုံးကို အုန်းအုန်းကျွက်ကျွက်ပါပဲ။ ပြည်သူတွေဆိုတာ ပျော်လိုက် ရွှင်လိုက်ကြတာ ဒီမိုကရေစီလမ်းပေါ်ရောက်ပြီဆိုပြီးတော့လေ။ ပြည်လုံးအနှံ့လည်း ဗျောက်အိုးသံတွေကို တဒိန်းဒိန်း တဒိုင်းဒိုင်းနဲ့ ဆူညံနေတာပါပဲ။ ပျော်လို့ပျော်လို့။ တစ်ချို့များ အပျော်လွန်သွားကြတာတွေတောင် ရှိတယ်။ စည်းမဲ့ကမ်းမဲ့ ဗျောက်အိုးတွေကြောင့် တချို့ သေရရှာတယ်။ တချို့ သွေးထွက်သံယို ဖြစ်ကြရရှာတယ်။ စညး်မရှိ ကမ်းမရှိ ဒီမိုကရေစီဆိုရင် လူသေတတ်တာမို့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစိဆိုတာ ဖြစ်ပေါ်လာတယ်လို့ မောင်မှန် ထင်တာပဲ။

ဒီပွဲသဘင်ကြီးမှာလည်း ဆုတွေဘာတွေများ ချီးမြှင့်ပေးသွားမယ်ဆိုရင်ဖြင့် (အငြိမ့်ပြိုင်ပွဲကတော့ သေချာပေါက် ဆုပေးမှာ) ပထမဆုကြီးအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ခွင့်ကို ပေးလိုက်ပါလို့ မောင်မှန်က တိုက်တွန်းရကြောင်းပါ။ ဒုတိယဆုလည်းဒါ၊ တတိယဆုလည်းဒါ၊ နှစ်သိမ့်ဆုလည်း ဒါမှဒါသာ ပေးလိုက်စေချင်ကြောင်းပါခင်ဗျာ။ ဒါမှသာ မရှိကအရှိဖြစ်မှာပါ။ အတုက အစစ်ဖြစ်မျာပါ။ နို့မို့လို့ကတော့ သဏ္ဍာန်လုပ် သရုပ်တူရတဲ့ ပွဲတွေ ဗမာပြည်မှာ တစ်နေ့ထက်တစ်နေ့ ပိုပေါလာမှာပါ။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တုန်းကတော့ အလုပ်သမားတွေ၊ တောင်သူလယ်သမား ဦးကြီးတွေ၊ ဆိုရှယ်လစ် ဒီမိုကရေစီတွေ၊ လုပ်သားပြည်သူ စတာတွေ တအား အသုံးများပါတယ်။ လုပ်လိုက်ရတဲ့ အလုပ်သမား နှီးနှောဖလှယ်ပွဲ၊ လယ်သမား နှီးနှောဖလှယ်ပွဲတွေ၊ ကျင်းပလိုက်ရတဲ့ အလုပ်သမားနေ့၊ တောင်သူလယ်သမားနေ့တွေ......။ နောက်ဆုံး ဘာဖြစ်သွားသလဲဆိုတော့ အများသိတော်မူကြတဲ့အတိုင်းပါခင်ဗျာ။ မဟုတ်တာကို အဟုတ်လုပ်ရတော့ အဟုတ်ထက်ပိုပြီး မဟုတ်ကဟုတ်က လုပ်ပြရတာကလား၊ (နားရှုပ်မသွားနဲ့နော်) သာသာထိုးထိုး   တွေချည်းပေါ့။   မြန်မာ့ဆိုရှယ်လစ်ရဲ့ အရသာ စပ်ခါးခါးကြီးမှန်း ပြည်သူအများ သိနားလည်သွားခဲ့ပါပြီ။

အခု လာပြန်ပါပြီ။ မြန်မာ့ဒီမိုကရေစီတဲ့။ ဆိုရှယ်လစ်တို့ ဒီမိုကရေစီတို့ရှေ့မှာ မြန်မာဆိုတာ တပ်လိုက်တာနဲ့ ဗမာတစ်မျိုးသားလုံးက ကျောထဲက စိမ့်စိမ့်လာတာပါ။ (သူ့မူရင်းအတိုင်းကတော့ အကောင်းစားတွေချည်းပါ။ ရှေ့က မြန်မာကပ်လိုက်မှ ဓါတ်ပြောင်းသွားတာဖြစ်မှာ)။ ဒီခေတ်ကြီးမှာတော့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု စတာတွေ အတော်ဖေါင်းပွပါတယ်။ အဲ အဲ တစ်ခုကျန်တော့မလို့၊ မေ့တော့မလို့ အောလောအင်ကလူးဆစ်(အားလုံးပါဝင်ရေး)ဆိုတာကြီးက ရှိသေး။ လူ့အခွင့်အရေးဖိုရမ်၊ ဒီမိုကရေစီမီနာ၊ ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲ၊ ဖက်ဒရယ်ပြည်ထောင်စု စကားဝိုင်း စတာတွေကို အောလောအင်ကလူးဆစ် အကြောင်းခံပြီး ဗြောင်းဆန်အောင် ကျင်းပလိုက်ကြတာ မဆလခေတ်ကထက်တောင် စည်ပင်သာယာဝပြောနေသေးရဲ့။ (မဆလခေတ်မှာ အစိုးရကချည်း ပွဲတွေကျင်းပရပြီး ပြည်ပအထောက်အပံ့ သိပ်မရရှာဘူးဆိုတော့ အခုခေတ်နဲ့တော့ နည်းနည်းကွာသပေါ့။) ဒါပေမယ့် အောက်ခြေပြည်သူဆီကိုတော့ အဲဒီ တော်ကီတွေ ဘာမှ သက်ရောက်မှု မရှိသေးတာ တွေ့ရပါတယ်။ တစ်နေ့တော့ ဖြစ်လာမှာပါဆိုတဲ့ စိုးပိုင်သီချင်းကိုတော့ လာဆိုမပြနဲ့နော်၊ ကိုတင်ဝင်းရဲ့ တစ်နေ့နေ့တော့ ချစ်လာလိမ့်မည်၊ သို့သော် ဘယ်နေ့မှန်းမသိဆိုတဲ့ ဗမာသံ သီချင်းကို ပြန်ဆိုပြလိုက်မှာ။

တကယ်မရှိသေးတဲ့ ငြိမ်းချမ်းရေး၊ တကယ်မရှိသေးတဲ့ ဒီမိုကရေစီကို ဟောပြော ဆိုကရေးတီးရုံမျှနဲ့ ရလိမ့်မယ်လို့ စိတ်ကူးယဉ်နေရင်တော့ ဒီဘဝအတွက်တော့ နှမလက်လျော့နေလေဦးတော့ကွယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly