စိတ်ဖိစီးမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်သည့် ကမ္ဘာ့ အပျင်းထူမှုနေ့ပွဲတော်ကို ကိုလံဘီယာတွင် ကျင်းပ

စိတ်ဖိစီးမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်သည့် ကမ္ဘာ့ အပျင်းထူမှုနေ့ပွဲတော်ကို ကိုလံဘီယာတွင် ကျင်းပ

သြဂုတ် ၂၂ ။             ။ လူသားတို့၏ စိတ်ဖိစီးကြောင့်ကြမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်သည့် ကမ္ဘာ့အပျင်းထူမှုနေ့ ပွဲတော်အခမ်းအနားကို ကိုလံဘီယာနိုင်ငံတွင် သြဂုတ် ၂၀ ရက်က ကျင်းပခဲ့သည်ဟု သိရသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကမ္ဘာ့ အပျင်းထူမှုနေ့ ပွဲတော်အခမ်းအနား၏ အဓိက ရည်ရွယ်ချက်မှာ အလုပ်တွေအရမ်းများလွန်း၍ စိတ်ဖိစီးမှုခံစားနေရကြသည့် ၀န်ထမ်းအလုပ်သမားများကို ခေတ္တအနားယူခိုင်းစေရန် တွန်းအားပေးလိုခြင်း ဖြစ်သည်။

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်း Itagui မြို့၌ တစ်ရက်တာကျင်းပသည့် အဆိုပါ ကမ္ဘာ့အပျင်းထူမှုနေ့ပွဲတော်တွင် ပါ၀င်ဆင်နွှဲသူများက လမ်းမများပေါ်သို့ ၎င်းတို့၏ မွေ့ရာ၊ ကြိုးပုခက်တွေ ယူလာပြီး အိပ်စက်အနားယူကြသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

လူဦးရေ နှစ်သိန်းခန့်ရှိ အဆိုပါမြို့တွင် ယင်းပွဲတော်ကို  ၁၉၈၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပနေလာခဲ့ခြင်းလညး် ဖြစ်သည်။ Itagui မြို့မှာ ပုံမှန်အားဖြင့် စီးပွားရေးအချက်အချာကျပြီး စက်မှုလုပ်ငန်းများ အခြေစိုက်သည့် စည်ကားသည့်မြို့လည်း ဖြစ်သည်။

နေ့စဉ်ရုန်းကန်လှုပ်ရှားနေရသည့် လူအများတို့ ဖိစီးမှုသောကတွေ ခံစားနေရခြင်းကနေ ခေတ္တခဏသက်သာရာရနိုင်ရန် ယခုကဲ့သို့ ပွဲတစ်ခုကို သတ်မှတ်ကျင်းပသင့်သည်ဟု လွန်ခဲ့သည့် နှစ်ပေါင်း ၃၂ နှစ်အကြာက ယင်းမြို့ခံတစ်ဦးဖြစ်သည့် ကားလို့စ် မာရီယို မွန်တိုယာ ဆိုသူက စိတ်ကူးအိုင်ဒီယာတစ်ခု ရခဲ့ခြင်း ဖြစ်သည်။

" ဘယ်သူပဲဖြစ်ဖြစ်၊ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် အလုပ်တွေပဲ ဖိလုပ်မနေဘဲ အားလပ်ချိန်၊ ဒါမှမဟုတ် အနားယူချိန် ရယူဖို့ အရေးကြီးတယ်ဆိုတာကို လူအများကို သိစေချင်လို့ ကျွန်တော်တို့ ခုလို ပွဲမျိုးကျင်းပနိုင်ဖို့အားထုတ်ခဲ့တာပါ" လို့ အသက် ၆၅ နှစ်အရွယ် မွန်တိုယာက ပြောသည်။

အဆိုပါ ကမ္ဘာ့ အပျင်းထူမှုနေ့ ပွဲတော်ကျင်းပသည့်ရက်တွင် ပျော်ရွှင်စရာ ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလေ့ရှိကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required