တိုက်ပွဲကာလ တစ်နှစ်နီးပါး ကြာမြင့်လာသော်လည်း မြိုင်ကြီးငူဒေသရှိ စစ်ရှောင် ၅၀၀၀ ကျော်ခန့် နေရပ်မပြန်နိုင်သေး

တိုက်ပွဲကာလ တစ်နှစ်နီးပါး ကြာမြင့်လာသော်လည်း မြိုင်ကြီးငူဒေသရှိ စစ်ရှောင် ၅၀၀၀ ကျော်ခန့် နေရပ်မပြန်နိုင်သေး
ကရင်စစ်ဘေးရှောင် ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - မူရင်းဓာတ်ပုံ စောမိုက်တိုင်အဲ)

ရန်ကုန် ၊ သြဂုတ် ၂၂ ။             ။ မြိုင်ကြီးငူဒေသ စစ်ရှောင်စခန်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများ အနေဖြင့် တိုက်ပွဲစတင် ဖြစ်ပွားသည့် အချိန်ကာလမှ တစ်နှစ်နီးပါး ကြာမြင့်ပြီး ဖြစ်သော်လည်း လုံခြံုရေးအခြေအနေအရ မူလရပ်ရွာသို့ ပြန်လည်နေထိုင်နိုင်သေးခြင်း မရှိကြောင်း သိရသည်။

"နေရပ်တော့ ပြန်ချင်ကြတယ်။ ဒါပေမယ့် အခက်အခဲတွေတော့ အများကြီးရှိနေတယ်။ တိုက်ပွဲတွေကလည်း မရပ်ဘူး၊ အမြဲလိုလို ပစ်ခတ်နေတယ်။ လုံခြံုမှုကတော့ မရှိသေးဘူး" ဟု မြိုင်ကြီးငူဒေသ စစ်ဘေးရှောင်စခန်း အတွင်းရေးမှူး ကိုအောင်ဝင်းထွန်းက ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်ခန့် ရှိနေပြီး လက်ရှိအချိန်တွင် လုံခြံုမှုမရသေးသောကြောင့် နေရပ်သို့မပြန်သေးခြင်းဖြစ်ကြောင်း စစ်ရှောင်ဒုက္ခသည်များက ဆိုသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာအစောပိုင်းကာလက တပ်မတော် ၊ နယ်ခြားစောင့် တပ်ဖွဲ့များနှင့် ကလို့ထူးဘော ကရင်အစည်းအရုံး (ကေကေအို) အဖွဲ့က ကျော်သက်နှင့် ဆန်းအောင် ခေါင်းဆောင်သည့်အဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မြိုင်ကြီးငူဒေသသို့ စစ်ဘေးရှောင်ဒုက္ခသည်များ ရောက်ရှိလာခြင်းဖြစ်သည်။

တစ်နှစ်နီးပါးကြာမြင့်လာပြီးနောက် စစ်ရှောင်များအတွက် စားနပ်ရိက္ခာမှာ အလှူရှင်အပေါ်၌သာ အဓိက မှီခိုနေရသည်ဟု စစ်ဘေးရှောင်စခန်း စားနပ်ရိက္ခာတာဝန်ခံ မတင်လှက ပြောသည်။

"စားနပ်ရိက္ခာက ဆန်တစ်မျိုးတော့ ရှိတယ်၊ ဆန်ကရှိတယ် ဆိုတာကလည်း တစ်ရက်နှစ်ရက်စာပဲရှိတာ၊ တစ်ခါတလေလည်း အလျင်မီတယ် ၊ တစ်ခါတလေလည်း အလျင်မမီဘူး" ဟု မတင်လှက ပြောသည်။

တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို) အဖွဲ့က လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့ မီးသတ်ဦးစီးဌာနတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခြင်းကြောင့် ဝါးဘိုးတောင်-ကျုံထော်နယ်မြေနှင့် မဲသဝေါနယ်မြေကို အကန့်အသတ် ရည်မှန်းချက် သတ်မှတ်ပေးကာ တပ်သွင်း ရှင်းလင်းခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required