အမျိုးသမီးများ အသက်မွေးသင်တန်းများကောလိပ်တစ်ခု ဖွင့်လှစ်ပေးသွားမည်ဟု မွန်ဝန်ကြီးချုပ် ပြော

အမျိုးသမီးများ အသက်မွေးသင်တန်းများကောလိပ်တစ်ခု ဖွင့်လှစ်ပေးသွားမည်ဟု မွန်ဝန်ကြီးချုပ် ပြော

မော်လမြိုင်၊ သြဂုတ် ၂၁ ။               ။ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရန် အသက်မွေးသင်တန်းများကို ကောလိပ်တစ်ခုအနေဖြင့် ဖွင့်လှစ်ပေးသွားမည်ဟု သြဂုတ်လ ၂၀  ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရှမ်းစုရပ်ကွက်၊ အာသောက ရာမရန်ကုန်ကျောင်းတိုက်တွင် ကျင်းပသည့် စုစေတနာ(အခမဲ့)အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့သည်။

"ဒီသင်တန်းတွေကို ကောလိပ်တစ်ခု အနေနဲ့ မဖွင့်လှစ်ခင် အခြေခံသင်တန်းတွေကို (၃)လတစ်ကြိမ် သင်တန်းတွေ ပေးနိုင်အောင် စီစဉ်ပေးထားတယ်၊  သင်တန်းဆင်းတဲ့ သူတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်းတွေရရှိအောင်ကူညီဆောင်ရွက်ပေးသွားမယ်"ဟု ဒေါက်တာအေးဇံက ပြောသည်။

ယခုအစိုးရသစ်လက်ထက်၌  ပြည်သူလူထု စားဝတ်နေရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြောင်း အလဲများဖြစ်ပေါ်လာအောင်ဆောင်ရွက်ပေးနေသည့် အပ်ချုပ်သင်တန်း၊ အလှပြင်သင်တန်းအပြင် အခြားအသက် မွေးဝမ်းကျောင်း အခြေခံသင်တန်းများကို ကောလိပ်တစ်ခုကဲ့သို့ ဖွင့်လှစ်ပေးနိုင်ရန် မြေနေရာများ စီစဉ်ဆောင်ရွက်ထားကြောင်း ၀န်ကြီးချုပ်ဒေါက်တာအေးဇံက ပြောဆိုသည်။

ပထမဆုံးအကြိမ် အမျိုးသမီးများ၏ ဘဝလုံခြံုရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ လူကုန်ကူးမှု ကာကွယ်ရေး တို့အပြင် အမျိုးသမီးတွေရဲ့ ဘဝမြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး NLD ပညာရေး ကွန်ရက် (ဗဟို)နဲ့ Korea & Myanmar Social Enterprise တို့ ချိတ်ဆက်၍ စုစေတနာ(အခမဲ့) အပ်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ပမထဆုံးအကြိမ်ဖွင့်လှစ်ခဲ့သည့် စုစေတနာ(အခမဲ့)အပ်ချုပ်သင်တန်း၌ တက်ရောက်သင်ကြားမည့် သင်တန်းသားများကို Online များမှ တစ်ဆင့် လျှောက်ထားသော သင်တန်းသူ(၃၁) ဦးကို ရွေးချယ်ခဲ့ပြီး အခြေခံအပ်ချုပ် ပညာရပ်များကို သင်ကြားပို့သွားမည်ဖြစ်ပြီး သင်တန်းအတွင်း ထူးချွန်သည့် သက်တန်းသူများ ပြန်လည်ရွေးချယ်ကာ အဆင့်မြင့်သင်တန်းများ၊ ဒီဇိုင်းနာသင်တန်းများပါ ဆက်လက်သင်ကြားပေးမည်ဖြစ်ကြောင်း ယင်းသင်တန်းအဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly