YBS ၅၆ ကားများတွင် လုံခြံုရေးများလိုက်ပါမှု YRTA မသိရှိသေးဟု ဆို

YBS ၅၆ ကားများတွင် လုံခြံုရေးများလိုက်ပါမှု YRTA မသိရှိသေးဟု ဆို
YBS 56 ပေါ်တွင် တွေ့ရသော လုံခြုံရေးဝန်ထမ်းတစ်ဦး။ ဓာတ်ပုံ-သူရ

သြဂုတ် ၂၂ ။             ။ YBS ၅၆ယာဉ်များတွင် လုံခြံုရေးတစ်ဦးစီ ထားရှိပြေးဆွဲပေးနေသည်ဆိုသည့်အပေါ် ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အနေဖြင့် သေချာမသိရှိသေးကြောင်း   ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"အခုနောက်ပိုင်းကတော့ ယာဉ်မောင်းအပြင် တစ်ယောက်ထက် ပိုထားရင် အကူအညီထက် အနှောင့်အယှက်ပိုဖြစ်တာမို့လို့ ယာဉ်နောက်လိုက်တောင် ကျွန်တော်တို့ လိုက်ခွင့်မပေးတော့ဘူးလေ။ ဘာလုပ်မယ်ဆိုတာ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့လည်း သေချာမသိသေးတဲ့အတွက် အတိအကျဖြေပေးလို့မရသေးဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(YRTA )အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

လက်ရှိတွင် YBS ၅၆ ယာဉ်လိုင်းတွင်း ပြေးဆွဲနေသည့် ယာဉ်(၂၇)စီး၌ ခရီးသည် အစီးများသည့် ရုံးတက်ရုံးဆင်းချိန်များတွင် တစ်စီးလျှင် လုံခြံုရေးတစ်ဦးကျ စမ်းသပ်ခန့်ထားသည်ဟု ကုမ္ပဏီဘက်မှ ဆိုသည်။

အဆိုပါ လုံခြံုရေးများ ထားရှိမှုမှာ မကြာသေးမီက YBS ၂၀ တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မောင်းကိုယ်တိုင် ပိုက်ဆံကောက်ခံမှုကို ပပျောက်စေလိုသည့်အပြင် ယာဉ်ပေါ်တွင် ခါးပိုက်နှိုက်ခံရမှုမဖြစ်စေရန်၊ ခရီးသည်များ ယာဉ်စီးခကို မှန် ကန်စွာထည့်သွင်းစီးနင်းစေရန်နှင့် အမျိုးသမီးခရီးသည်များကို ကာယိန္ဒြေပျက်ပြားစေရန် ပြုလုပ်သူအား အချိန်မီထိန်းသိမ်းဆောင်ရွက်နိုင်ရန်ရည်ရွယ်ကြောင်း အဆိုပါယာဉ်လိုင်းများ တာဝန်ယူပြေးဆွဲနေသည့် Omnifocus General Services အများပိုင်ကုမ္ပဏီလိမိတက်၏ အထွေထွေမန်နေဂျာ ဦးမင်းဟန်ဖြိုးက ပြောသည်။

"အခုလောလောဆယ်ကတော့ စမ်းသပ်ခန့်ထားတုန်းပဲရှိပါသေးတယ်။ အဓိကက ခရီးသည်တွေကို service(ဝန်ဆောင်မှု)ပေးနိုင်ဖို့အတွက်ရယ် လုံခြံုစေဖို့ရယ်အတွက် ရည်ရွယ်ပြီး စမ်းသပ်ဖြစ်တာပါ"ဟု ဦးမင်းဟန်ဖြိုးက ပြောသည်။

Omnifocus General Services အများပိုင်ကုမ္ပဏီအနေဖြင့် အဆိုပါ လုံခြံုရေး လိုက်ပါစေမှုအား အတည်အကျဖြစ်စေရန် သက်ဆိုင်ရာထံ ခွင့်ပြုချက်တောင်းခံမှုကို အဆင့်ဆင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

လက်ရှိတွင် Omnifocus General Servicesကုမ္ပဏီအနေနှင့် YBS ၂၀နှင့် ၅၆ကို တာဝန်ယူပြေးဆွဲပေးနေပြီး သခင်မြပန်းခြံကနေ YBS ၂၀မှာ သိမ်ဖြူ - မင်္ဂလာစျေး - တာမွေ - ရွှေဂုံတိုင် - မြေနီကုန်း - ကြည့်မြင့်တိုင် - ဘုရင်နောင်လမ်းအတိုင်းသွားကာ ဒဂုံဧရာအဝေးပြေးအထိ ပြေးဆွဲနေပြီးYBS ၅၆ မှာ ရန်ကုန်မြို့တွင်း ဧရိယာများတွင် ပြေးဆွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly