မက်ဆီ၏ လျော်ကြေးငွေကို တစ်စုံတစ်ယောက်က ပေးနိုင်သည်ဟု ဂွါဒီယိုလာပြော

မက်ဆီ၏ လျော်ကြေးငွေကို တစ်စုံတစ်ယောက်က ပေးနိုင်သည်ဟု ဂွါဒီယိုလာပြော

သြဂုတ် ၂၂၊ အင်္ဂလန် ။            ။ မက်ဆီ၏ လျော်ကြေးငွေ ယူရိုသန်း ၃၀၀ ကို တစ်စုံတစ်ယောက်က ပေးချေနိုင်သည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

နေမာအတွက် ပီအက်စ်ဂျီအသင်းက လျော်ကြေးငွေ ယူရို ၂၂၂ သန်းပေးချေခဲ့ပြီးနောက် မက်ဆီ၏ လျော်ကြေးငွေကိုလည်း တစ်စုံတစ်ဦးက ပေးချေနိုင်မည်ဟု ဂွါဒီယိုလာက ယုံကြည်နေခြင်းဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံးဆုငါးကြိမ် ရရှိထားသည့် မက်ဆီနှင့် ဘာစီလိုနာအသင်းတို့ စာချုပ်သက်တမ်းတိုးရန် သဘောတူညီထားပြီး ဖြစ်သော်လည်း ယခုအချိန်အထိ တရားဝင်လက်မှတ်ရေးထိုးရခြင်း မရှိသေးပေ။ ဘာစီလိုနာအသင်းဘက်ကမူ မက်ဆီနှင့် မကြာခင်လက်မှတ်ရေးထိုးတော့မည်ဟု ပြောဆိုထားသည်။

မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ပါက ဆရာဟောင်းရှိရာ မန်စီးတီးသို့ ရောက်ရှိလာဖွယ်ရှိနေသည်။ မန်စီးတီးအသင်းပိုင်ရှင်များမှာ မက်ဆီကို ခေါ်ယူလိုလျက်ရှိနေကြပြီး အပြောင်းအရွှေ့ရာသီမတိုင်ခင်ကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသည်။

“တစ်စုံတစ်ယောက်က မက်ဆီရဲ့လျော်ကြေးငွေကို ပေးချေနိုင်လောက်တဲ့အင်အားရှိပြီး ပေးချေဖို့ ဆန္ဒရှိမလားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ဒါက ဖြစ်လာနိုင်ပါတယ်” ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

ဂွါဒီယိုလာသည် ယခုနှစ်အပြောင်းအရွှေ့ကာလတွင် ဘာနာဒိုဆေးလ်ဗား၊ အီဒါဆင်၊ ဝေါ်လ်ကာ၊ ဒန်နီလိုနှင့် မန်ဒီတို့ကို ခေါ်ယူရန်အတွက် ပေါင်သန်း ၂၁၀ ကျော် အသုံးပြုထားသည်။

ရည်ညွှန်း fourfourtwo

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required