ပရီးမီးယားလိဂ်ဂိုး ၂၀၀ ပြည့်ခဲ့လို့ မန်ယူပရိသတ်တွေပျော်ရွှင်လိမ့်မယ်လို့ အသေအချာပြောရဲကြောင်း ရွန်နီဆို

ပရီးမီးယားလိဂ်ဂိုး ၂၀၀ ပြည့်ခဲ့လို့ မန်ယူပရိသတ်တွေပျော်ရွှင်လိမ့်မယ်လို့ အသေအချာပြောရဲကြောင်း ရွန်နီဆို

သြဂုတ် ၂၂၊ အင်္ဂလန် ။           ။ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ကြတဲ့ မန်စီးတီးနဲ့အဲဗာတန်တို့ရဲ့ပွဲစဉ်မှာ အဲဗာတန်တိုက်စစ်မှူးရွန်နီဟာ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ဂိုး ၂၀၀ ပြည့်သွင်းယူနိုင်တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ရွန်နီဟာ ပွဲချိန် ၃၅ မိနစ်မှာ အဲဗာတန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရွန်နီဟာ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားရဲ့နောက် ပရီးမီးယားလိဂ်မှာ ဂိုး ၂၀၀ သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဘလက်ဘန်းနဲ ့နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယားဟာ လိဂ်သွင်းဂိုး ၂၆၀ အထိသွင်းယူထားတာကြောင့် ရွန်နီအနေနဲ့ အလန်ရှီးယားကိုလိုက်မီဖို့အတွက်တော့ အများကြီးကြိုးစားရဦးမှာ   ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဂိုး ၂၀၀ ပြည့်သွင်းယူနိုင်ခဲ့တဲ့အတွက်တော့ ၀မ်းမြောက်ဂုဏ်ယူမိတယ်လို့ ရွန်နီက ဆိုပါတယ်။

“တကယ်ကို ချိုမြိန်တဲ့ အခိုက်အတန့်ပါပဲ။ ဂိုး ၂၀၀ ပြည့်သွင်းနိုင်လို့ အနီရောင်မန်ချက်စတာမြို့တစ်ခြမ်းက ၀မ်းသာပျော်ရွှင်ကြလိမ့်မယ်လို့ အသေအချာပြောရဲပါတယ်” လို့ ရွန်နီက ဆိုခဲ့ပါတယ်။

ရွန်နီဟာ အဲဗာတန်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲမှာ ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြလျက်ရှိနေပါတယ်။ ဒါကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့လည်း မျှော်လင့်နေပါတယ်။

အဲဗာတန်အသင်းဟာ ရည်မှန်းချက်ကြီးမားတဲ့အသင်းဖြစ်ကြောင်းနဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်းလည်းရွန်နီက ဆိုခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ရွန်နီဟာ လိဂ်သွင်းဂိုး ၂၀၀ သွင်းယူနိုင်ဖို့ ပွဲပေါင်း ၄၆၂ ပွဲ ကစားခဲ့ရပါတယ်။ ရွန်နီဟာ ညာခြေနဲ့ ၁၅၆ ဂိုး၊ ဘယ်ခြေနဲ့ ၂၃ ဂိုး၊ ခေါင်းတိုက်ပြီး ၂၁ ဂိုးသွင်းယူခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags