အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထားသော ပါကစ္စတန်ကို ထရမ့်ပြင်းပြင်းထန်ထန်သတိပေး

အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထားသော ပါကစ္စတန်ကို ထရမ့်ပြင်းပြင်းထန်ထန်သတိပေး

၀ါရှင်တန်၊ သြဂုတ် ၂၂ ။            ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၀ါရှင်တန်အစိုးရအနေဖြင့် အကြမ်းဖက်သမားများကို ခိုလှုံခွင့်ပေးထား သည့် ပါကစ္စတန်နိုင်ငံအပေါ် လုံးဝသည်းခံတော့မည် မဟုတ်ကြောင်းနှင့် ပါကစ္စတန်အနေဖြင့် တန်ဖိုးကြီးကြီး ပေးဆပ်ရမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် သတိပေးပြောကြားခဲ့သည်။

“အကြမ်းဖက်အဖွဲ့အစည်းတွေကို သာသာယာယာနဲ့ ခိုလှုံခွင့်ပေးထားတဲ့ ပါကစ္စတန်နိုင်ငံအပေါ် ကျနော်တို့ လုံးဝနှုတ်ဆိတ်နေတော့မှာ မဟုတ်ပါဘူး” ဟု ထရမ့်က တောင်အာရှအတွင်း၌ အကော်အထည်ဖော်သွားမည့် အမေရိကန်၏ လုံခြံုရေးမဟာဗျူဟာအသစ်ကို ဖော်ပြစဉ်၌ ယခုလိုထည့်သွင်း ပြောဆိုခဲ့သည်။

“ပါကစ္စတန်နိုင်ငံဟာ အာဖဂန်နစ္စတန်အတွင်းမှာရှိတဲ့ ကျနော်တို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ပူးပေါင်း အကူအညီပေးမယ်ဆိုရင် သူတို့အကျိုးအမြတ်တွေ ရရှိနိုင်ပါတယ်။ အဲ့လိုမဟုတ်ပဲ ရာဇဝတ်သားတွေနဲ့ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးထားဦးမယ်ဆိုရင်တော့ သူတို့အနေနဲ့ နစ်နာဖို့ပဲရှိပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။

ဒါ့အပြင် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော ပါကစ္စတန်အနေဖြင့် အစွန်းရောက်ဝါဒကို နှိပ်ကွပ်မှုမရှိပါ က ၀ါရှင်တန်အနေဖြင့် ၄င်းတို့ကို စစ်အင်အားနှင့် အခြားအကူအညီများ   ပေးအပ်တော့မှာမဟုတ်ကြောင်း ထရမ့်က ဆက်ပြောခဲ့သည်။

“ကျနော်တို့ဟာ ပါကစ္စတန်ကို ဒေါ်လာတွေ ဘီလျံပေါင်းများစွာ ထောက်ပံ့ထားပေးမယ့်လည်း သူတို့ဟာ ကျနော်တို့နဲ့ တိုက်ခိုက်နေတဲ့ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးပြီး စောင့်ရှောက်ထားပါတယ်” ဟု သူက ပြောခဲ့သည်။

“အဲ့ဒီလုပ်ရပ်တွေကို အခုချက်ချင်း ပြောင်းလဲပစ်ရပါမယ်။ အခုအချိန်ဟာ ပါကစ္စတန်တို့အနေဖြင့် ငြိမ်းချမ်းရေးနဲ့ ယဉ်ကျေးမှုအတွက် စိတ်နှစ်ပြီး လုပ်ဆောင်ရမယ့်အချိန်ပါပဲ” ဟု ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags